စပိန်လက်ရွေးစင်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ စပိန် နောက်ခံလူ ဆာဂျီယို ရာမို့စ်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန်အသင်းနဲ့ ယူကရိန်းအသင်းတို့ရဲ့ ပွဲစဉ်မှာ သွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့ကာ အဆိုပါ သွင်းဂိုး နှစ်ဂိုးကြောင့် ဂုဏ်ယူစရာ ကောင်းတဲ့ စံချိန်မှတ်တမ်းတစ်ခုကို ရရှိသွားတယ် လို့ သိရပါတယ်။ ယူကရိန်းနဲ့ ပွဲမှာ သွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ရာမို့စ် ရရှိခဲ့တဲ့ စံချိန်မှတ်တမ်း ကတော့ ကမ္ဘာ့ဘောလုံး သမိုင်းမှာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဂိုးသွင်း အများဆုံး နောက်ခံလူ ဆိုတဲ့ ဂုဏ်ပုဒ်ပဲ ဖြစ်ပါတယ်။

Photo Credit: Marca

စပိန်အသင်းက ယူကရိန်းအသင်းကို လေးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဆာဂျီယို ရာမို့စ်ဟာ စပိန်အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့သလို ခံစစ်ကြောင်းမှာလည်း ပေးဂိုးမရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ စပိန်အသင်း အတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၃ မိနစ်နဲ့ ၂၉ မိနစ်မှာ ဆာဂျီယို ရာမို့စ် ၊ ပွဲချိန် ၃၂ မိနစ်မှာ ဖာတီနဲ့ ပွဲကစားချိန် ၈၄ မိနစ်မှာ ဖာရန် တောရက်စ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။ ယူကရိန်းအသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး ရရှိခဲ့တာကြောင့် ရာမို့စ် တစ်ယောက် စပိန်အသင်းကို ကိုယ်စားပြုပြီး သွင်းယူခဲ့တဲ့ သွင်းဂိုး ဟာ ၂၃ ဂိုးအထိ ရှိလာပြီ လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Photo Credit: Marca

စပိန်အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ မာကာ သတင်းဌာနရဲ့ အဆိုအရတော့ ဆာဂျီယို ရာမို့စ်ဟာ ယူကရိန်းအသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး ရရှိခဲ့တာကြောင့် နိုင်ငံတကာ သွင်းဂိုး အများဆုံး နောက်ခံလူ အဖြစ် မှတ်တမ်းဝင်ထားတဲ့ အာဂျင်တီးနား နောက်ခံလူ ပါဆာရယ်လာရဲ့ စံချိန်ကို ကျော်ဖြတ်ကာ နိုင်ငံတကာ သွင်းဂိုး အများဆုံး နောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။ ရာမို့စ်ဟာ စပိန်လက်ရွေးစင်အသင်း အတွက် ပွဲ၇၀ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၃ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ပါဆာရယ်လာကတော့ ၁၇၂ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး ၂၂ ဂိုး သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရာမို့စ်ဟာ စပိန်လက်ရွေးစင် အသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးထားတဲ့ ကစားသမားစာရင်းမှာလည်း အဆင့်၈နေရာအထိ ရောက်ရှိလာတယ် လို့ မှတ်တမ်းတွေအရ သိရှိရပါတယ်။