ပြင်သစ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဝါရင့် စပိန်နောက်ခံလူ ရာမို့စ်ကတော့ သူ့ရဲ့ အသင်းဖော် ဖြစ်သူ လီယွန်နယ် မက်ဆီဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမား ဖြစ်ကြောင်း ထောက်ခံစကား ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင်ဟောင်း ရာမို့စ်နဲ့ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း မက်ဆီတို့ဟာ တချိန်က မဟာရန်သူတွေ ဖြစ်ခဲ့ကြပေမယ့် ယခုအချိန်မှာတော့ ပြင်သစ်မြေမှာ အသင်းဖော်တွေ အဖြစ် အတူတကွ တွဲဖက် ကစားနေကြပြီး စပိန်စကား ပြောတဲ့လူတွေ ဖြစ်တာကြောင့် မိတ်ဆွေတွေတောင် ဖြစ်နေကြပါပြီ။

Photo Credit: Marca

အာဂျင်တီးနားအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ယနေ့ညမှာ ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရရှိဖို့ အတွက် ဘိုင်ယန်မြူးနစ်နဲ့ ပိုလန် တိုက်စစ်မှူး လီဝမ်ဒေါစကီးနဲ့ အပြိုင် ရေပန်းစားနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စိန့်အက်တီယန် ၁-၃ ပီအက်စ်ဂျီပွဲစဉ်မှာ မက်ဆီနဲ့အတူ ပထမဦးဆုံး အကြိမ် တွဲဖက် ကစားခွင့် ရခဲ့တဲ့ ရာမို့စ်က ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို မက်ဆီ ရရှိဖို့ မျှော်လင့်ထားကြောင်းနဲ့ မက်ဆီက ပွဲတပွဲမှာ ခြားနားမှုတွေ ဖြစ်လာအောင် စွမ်းဆောင်နိုင်သူ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Marca

ရာမို့စ်က- “ကျွန်တော်ကတော့ ရွှေဘောလုံးဆုကို မက်ဆီ ရရှိလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က ကျွန်တော့်ရဲ့ အသင်းဖော်တိုင်းကို ကာကွယ်ပေးဖို့ တာဝန် ရှိတာကြောင့် ရွှေဘောလုံးဆုကို သူ ရပါစေလို့လည်း ဆုတောင်းပေးပါတယ်။ သူက ပုံစံကောင်း တခု ရနေပါတယ်။ ပြီးတော့ မက်ဆီက ပွဲတပွဲမှာ ခြားနားမှုတွေ ဖြစ်လာအောင် ပြုလုပ်နိုင်စွမ်း ရှိတယ်လို့လည်း ထင်ပါတယ်။ သူက တကယ်ကို ထူးခြားတဲ့ ကစားသမားပါ။ သူ့လို ကစားသမားမျိုးကို အသင်းမှာ ပိုင်ဆိုင်ခွင့် ရတဲ့ အတွက် ပျော်ရွှင်မိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။