ယနေ့မနက် အစောပိုင်းမှာတော့ စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းဟာ ဘောလုံးလောက တခုလုံးကို လှုပ်ခါသွားစေတဲ့ ကြေညာချက်တခုကို ထုတ်ပြန် ကြေညာသွားပါတယ်။ အဲ့ဒါကတော့ အသင်းမှာ ၁၆နှစ်ကြာအောင် ကစားခဲ့တဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ အသင်းကနေ ထွက်ခွာသွားပြီ ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီသတင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပရိသတ်တွေကို သာမက အသင်းနဲ့ နီးစပ်တဲ့ လူတွေကိုပါ အံ့အားသင့်စေခဲ့ပြီး အသင်းကနေ ရာမို့စ် ရုတ်တရတ် ထွက်ခွာခဲ့တဲ့ နောက်ကွယ်မှာ ရာမို့စ်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌ ပီရက်ဇ်တို့ကြားက ပြဿနာတွေဟာ အဓိက အကြောင်းအရင်း ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နီးစပ်သူတချို့က ဆိုခဲ့ကြပါတယ်။

Photo Credit: AS English

အသင်းကနေ ရာမို့စ် ထွက်ခွာကြောင်းကို ရီးရဲလ်မက်ဒရစ်အသင်းက ကြေညာတဲ့ အချိန်ဟာ ယနေ့မနက် မြန်မာ စံတော်ချိန် မနက် ၁နာရီ ဝန်းကျင် ဖြစ်ပြီး မနေ့ည ၁၀နာရီ ဝန်းကျင်ကတည်းက ရာမို့စ်ဟာ ယနေ့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ကာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာတော့မယ့် အကြောင်း တရားဝင် ကြေညာတော့မယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် ရာမို့စ်ဘက်က တရားဝင် မကြေညာခင်မှာ ရီးရဲလ်မက်ဒရစ် အသင်းက အသင်းကနေ ရာမို့စ် ထွက်ခွာကြောင်းကို ကြေညာခဲ့ပြီး ဒီလုပ်ရပ်ဟာ ပီရက်ဇ်နဲ့ ရာမို့စ်ကြားမှာ ကြီးမားတဲ့ အစိုင်အခဲ တခု ရှိနေတာကို ပြသနေပါတယ်။

Photo Credit: AS English

အမည်မဖော်လိုတဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ပီရက်ဇ်ရဲ့ သူ့အပေါ် ထားတဲ့ သဘောထားဟာ အတော်လေးကို ဆိုးရွားတာကြောင့် ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ လမ်းခွဲခဲ့ရတာ ဖြစ်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။ အသက် ၃၅နှစ်အရွယ် စပိန်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ ယခုလကုန်မှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်တာကြောင့် ကနဦးမှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ ရာမို့စ်ထံ စာချုပ်သစ် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: AS English

ရီးရဲလ်မက်ဒရစ် အသင်းဟာ ၁နှစ်သက်တမ်းသာ ရှိတဲ့ စာချုပ်သစ်ကို ကမ်းလှမ်းခဲ့တာကြောင့် ရာမို့စ်က သူ့ကို ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်သစ် ကမ်းလှမ်းစေလိုကြောင်း အသင်းထံ အသိပေးခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်း ကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို မပြင်ဆင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ရာမို့စ်ဟာ အသင်းသစ် ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ စာချုပ်သစ်ကို လက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကို သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ပြောပြခဲ့ပြီး ရာမို့စ်ကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဆီဗီးလားအသင်းရဲ့ အားကစား ဒါရိုက်တာ မွန်ချီကတောင် ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း တိုးတော့မှာ ဖြစ်ကြောင်း ယမန်နေ့ မနက်ပိုင်းမှာ ပြောကြားခဲ့သေးတယ်။

Photo Credit: AS English

ရာမို့စ်ဟာ သူ့ရဲ့ စာချုပ်သစ် ကိစ္စနဲ့ ပတ်သတ်ပြီး ယမန်နေ့ နေ့လယ်ပိုင်းမှာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌ ပီရက်ဇ်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကာ အဆိုပါ ဆွေးနွေးမှုမှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့ရဲ့ ကနဦး စာချုပ်သစ် ကမ်းလှမ်းမှုကို ပြန်လည် ပြင်ဆင်ခဲ့ပြီး စာချုပ်သစ်ရဲ့ သက်တမ်းဟာ ၁နှစ် ဖြစ်ပေမယ့် ရာမို့စ်ရဲ့ လုပ်ခလစာဟာ လက်ရှိ ရနေတဲ့ လုပ်ခလစာထက် ပိုမို နည်းပါးသွားသလို ရာမို့စ်ရဲ့ ပွဲထွက်ခွင့်ပေါ် မူတည်ကာ ဆုကြေးငွေတွေ ပေးမယ် ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ အဆိုပါ ကမ်းလှမ်းမှုဟာ အသင်းရဲ့ တောင်းဆိုမှုကို လက်ခံထားတဲ့ ရာမို့စ်ကို အကြီးအကျယ် ဒေါသထွက်စေပြီး အဆိုပါ ဆွေးနွေးမှုဟာလည်း ပျက်ပြယ်ခဲ့ကြောင်း မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

Photo Credit: AS English

ရာမို့စ်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ လမ်းခွဲမှုမှာ အဓိကကျခဲ့တဲ့ လူကတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်ဖြစ်ပြီး ပီရက်ဇ်ဟာ အသင်းကို စိတ်ကြိုက် ခြယ်လှယ်လိုတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တာကြောင့် အသင်းအပေါ်မှာ ရာမို့စ်ရဲ့ ဩဇာလွှမ်းမိုးမှု များပြားလာတာကို မလိုချင်ပဲ ရာမို့စ်ကို အခုလို အသင်းကနေ ထွက်ခွာစေခဲ့တာ ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ ရာမို့စ်ဟာ ပီရက်ဇ်ရဲ့ လက်အောက်မှာ အသင်းကနေ မကျေမလည်နဲ့ ထွက်ခွာခဲ့ရတဲ့ ပထမဦးဆုံး အဓိက ကစားသမား မဟုတ်ပဲ ကာဆီးလက်စ် ၊ ခရစ္စတီယာနို ရိုနယ်ဒိုတို့ဟာလည်း ပီရက်ဇ်နဲ့ မတည့်တာကြောင့် ရီးရဲလ်အသင်း ကနေ ထွက်ခွာခဲ့ရဖူးပါတယ်။