MySport Myanmar

လက်ရှိ ဥရောပမှာ အာဆင်နယ်ရဲ့ ကစားပုံက အကောင်းဆုံးပဲလို့ ချီးကျူးလိုက်တဲ့ ရာမို့စ်

စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားရဲ့ ဝါရင့် ဗဟိုနောက်ခံလူ ဆာဂျီယို ရာမို့စ်က ယမန်နေ့မှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ်ဟာ လက်ရှိ ဥရောပမှာ ကစားကွက် အကောင်းဆုံးအသင်း ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

ဆီဗီးလားနဲ့ အာဆင်နယ်တို့က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လန်းစ် ၊ ပီအက်စ်ဗွီ စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ပြီး ယမန်နေ့မှာတော့ သူတို့နှစ်သင်းက အုပ်စု တတိယပွဲ အဖြစ် ဆီဗီးလားရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။

Photo Credit: Standard

ဆီဗီးလားက အုပ်စုအဖွင့်ပွဲ ၂ပွဲစလုံးကို သရေကျထားသလို အာဆင်နယ်ကလည်း အုပ်စုအဖွင့်ပွဲ ၂ပွဲမှာ ၁ပွဲနိုင် ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရထားတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အနိုင်ရလဒ် အတွက် အားကုန်ထုတ် ကြိုးစား ကစားခဲ့ကြပြီး ဧည့်သည် အာဆင်နယ်က မာတီနယ်လီနဲ့ ဂျေဇူးတို့ရဲ့ သွင်းဂိုးတွေကြောင့် အဝေးကွင်းမှာ ဆီဗီးလားကို အနိုင်ရရှိသွားခဲ့ပါတယ်။

အိမ်ကွင်းမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဆီဗီးလားက အုပ်စု ပထမအကျော့တွေ အပြီးမှာ ရမှတ် ၂မှတ်နဲ့ အုပ်စု တတိယနေရာကို ရောက်ရှိနေပြီး အုပ်စုအဆင့်ကို လွန်မြောက်နိုင်ဖို့ အတွက် လက်ကျန် ၃ပွဲမှာ ကြိုးစား ရုန်းကန်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Football London

ဆီဗီးလား ၁-၂ အာဆင်နယ်ပွဲမှာ ဆီဗီးလားရဲ့ ခံစစ်ကြောင်းကို ဦးဆောင် ကစားခဲ့တဲ့ ဆာဂျီယို ရာမို့စ်ကတော့ ပြိုင်ဘက် အာဆင်နယ်ကို ချီးကျူးမှုတွေ လုပ်သွားခဲ့ပြီး အာဆင်နယ်ဟာ လက်ရှိ ဥရောပမှာ ကစားကွက် အကောင်းဆုံး ဖြစ်သလို ယှဉ်ပြိုင်ရ ခက်ခဲတဲ့ ပြိုင်ဘက်အသင်း ဖြစ်ကြောင်း ဆိုလာပါတယ်။

ဆာဂျီယို ရာမို့စ်က – “ကျွန်တော်တို့ဟာ အာဆင်နယ်ကို ဒုက္ခပေးနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ အာဆင်နယ်က ဘောလုံးကိုင် ကစားရတာကို ကြိုက်ပြီး နောက်တန်းမှာ နေရာလွတ်တွေ အများကြီး ချန်ထားတဲ့ အသင်းမျိုး ဆိုတာ သိခဲ့ပါတယ်။ အဲ့ဒီနေရာလွတ်တွေကြောင့် ကျွန်တော်တို့က ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့ပေမယ့် အကောင်းဆုံး အသုံးမချနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က ဒီအခြေအနေကို ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ် ၂ပွဲစလုံးမှာ ကြုံတွေ့ခဲ့ရတာပါ။ (အခွင့်အရေးတွေကို အသုံးမချနိုင်မှုအား ရည်ရွယ်လျက်) လက်ရှိမှာ အာဆင်နယ်ရဲ့ ကစားပုံက ကျွန်တော်တို့တွေ ယှဉ်ပြိုင်ဖူးတဲ့ ပြိုင်ဘက်တွေနဲ့ မတူညီတဲ့ အဆင့်အတန်းမျိုးဆီ ရောက်နေပါပြီ။ ကျွန်တော့်အတွက် သူတို့အသင်းရဲ့ ကစားပုံက လက်ရှိ ဥရောပမြေမှာ အကောင်းဆုံးပါပဲ။ အာဆင်နယ်လို ဂိုးသမား ကနေ ကစားကွက် စပြီး နေရာစုံ ကနေ ဖန်တီးနိုင်တဲ့ အသင်းမျိုးနဲ့ ကစားရတာ မလွယ်ကူပါဘူး” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version