စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦး ဖြစ်သလို အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဆာဂျီယို ရာမို့စ် ကတော့ အသင်းနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ရပ်ဆိုင်းခဲ့ပြီး နောက်မှာ သူ့အတွက် အသင်းသစ် တစ်သင်းကို စတင် ရှာဖွေနေပြီး ကမ္ဘာပေါ်မှာ ပရိသတ် အင်အား အများဆုံး ဖြစ်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ လာရောက်ဖို့ စိတ်ကူးနေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၄နှစ် အရွယ် စပိန်လက်ရွေးစင် အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ လက်ရှိ ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်ပြီး စာချုပ်သစ်သာ ချုပ်ဆိုခြင်း မရှိပါက အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိတော့မှာပါ။

Photo Credit: ESPN

လက်ရှိမှာတော့ ရာမို့စ်ကို ခေါ်ယူဖို့ အတွက် ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းက အပြင်းအထန် ကြိုးစားနေသလို ကမ်းလှမ်းမှု တစ်ကြိမ်လည်း ပြုလုပ်ထားပေမယ့် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ရာမို့စ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပါတယ်။ ရာမို့စ်ဟာ တစ်နှစ်လုပ်ခ လစာ ယူရို ၁၅သန်းနဲ့ ၃နှစ် စာချုပ် ချုပ်ဆိုမယ် ဆိုတဲ့ ကမ်းလှမ်းမှု တစ်ခုကို ပီအက်စ်ဂျီ အသင်းထံ ကနေ ရရှိထားပေမယ့် တစ်ဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာမို့စ်ကို သူ အလိုရှိတဲ့ အချက်အလက်တွေကို ဖြည့်ဆည်းပေးပြီး အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: ESPN

နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ရာမို့စ်ဟာ လက်ရှိမှာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေပေမယ့် ကစားသမား ဘဝကနေ အနားမယူခင် အင်္ဂလန် ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ သူ့ရဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ကို ပိုမို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ တစ်ဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ မက်ဂွိုင်းယားနဲ့ အတူ တွဲဖက် ကစားမယ့် နောက်ခံလူ တစ်ဦးကို ရှာဖွေနေတာ ဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူ ပေါ့ဘာကြောင့် ပေါ့ဘာလို အရှိန်အဝါရှိတဲ့ ရာမို့စ်ကို ခေါ်ယူဖို့ဟာ သူတို့ အသင်းရဲ့ အဓိက ဦးစားပေး ကိစ္စဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။