စပိန်လက်ရွေးစင် အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ ဆာဂျီယို ရာမို့စ် ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ နယ်သာလန်အသင်းနဲ့ စပိန်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် ပါဝင် ကစားပေးရင်း အီတလီအသင်းရဲ့ ဂန္တဝင် ဂိုးသမားကြီး ဘူဖွန် ရရှိထားတဲ့ ဉရောပတိုက်ရဲ့ နိုင်ငံတကာပွဲ အများဆုံး ကစားထားတဲ့ ကစားသမား ဆိုတဲ့ စံချိန်ကို လိုက်မှီခဲ့ကြောင်း သိရပါတယ်။ အသက် ၃၄နှစ် အရွယ် စပိန်လက်ရွေးစင် အသင်းရဲ့ ဗဟိုခံစစ်မှူး ရာမို့စ်ဟာ နယ်သာလန် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ ၁၇၆ပွဲမြောက်ကို ကစားခဲ့ရတာဖြစ်ပြီး အဆိုပါပွဲ မှာ နယ်သာလန် အသင်းနဲ့ စပိန်အသင်းတို့ဟာ တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Marca

နယ်သာလန်နိုင်ငံမှာ ကစားခဲ့တဲ့ အဆိုပါ ခြေစမ်းပွဲမှာ စပိန်အသင်း အတွက် သွင်းဂိုးကို ပွဲကစားချိန် ၁၈မိနစ်မှာ မိုရာတာရဲ့ ပေးပို့မှုကနေ ကွင်းလယ်လူ ကာနယ်လက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး နယ်သာလန် အသင်းအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၄၇မိနစ်မှာ ကွင်းလယ်လူ ဗန်ဒီဘိခ်က သွင်းယူ သွားနိုင်ခဲ့ပါတယ်။ နယ်သာလန် အသင်းနဲ့ ပွဲစဉ်မှာ ပါဝင် ကစားခွင့် ရခဲ့တာကြောင့် ရာမို့စ်ဟာ ဉရောပရဲ့ နိုင်ငံတကာပွဲ အများဆုံး ကစားသမား စံချိန်ကို ဘူဖွန်နဲ့အတူ ပူးတွဲ ရယူ ထားနိုင်ခဲ့ပြီး လာမယ့် နိုဝင်ဘာ ၁၅ရက်နေ့မှာ ကစားမယ့် စပိန်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ရဲ့ ခြေစမ်းပွဲမှာ ပါဝင် ကစားပြီးရင်တော့ အဆိုပါ စံချိန်ကို တစ်ဦးထဲ ပိုင်ဆိုင်ခွင့် ရရှိတော့မှာပါ။

Photo Credit: Marca

စပိန်လက်ရွေးစင် အသင်းရဲ့ နည်းပြဖြစ်သူ အင်းနရစ် ကတော့ ရာမို့စ် တစ်ယောက် နိုင်ငံတကာပွဲ အများဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ရယူနိုင်ခဲ့တဲ့ အပေါ် ဂုဏ်ယူမိကြောင်း ဆိုလာပါတယ်။ ရာမို့စ်ရဲ့ စံချိန်နဲ့ ပတ်သတ်ပြီး အင်းနရစ်က “ဆာဂျီယိုက တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ ကစားသမား တစ်ဦးပါ။ သူက တခြားသူတွေနဲ့ မတူညီတဲ့ အဆင့်အတန်း တစ်ခုမှာ ရှိနေသူပါ။ ဒီလိုမျိုး ပွဲထွက်ကစားခွင့်နဲ့ ပတ်သတ်ပြီး ရတဲ့ စံချိန်မျိုးဟာ အရမ်း ထူးခြားတဲ့ ကစားသမားတွေနဲ့သာ သက်ဆိုင်တဲ့ အရာတွေပါ” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာ မှာတော့ အီဂျစ်အသင်းရဲ့ ကွင်းလယ်လူ ဟတ်ဆန်က နိုင်ငံတကာပွဲ အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်နေပြီး ရာမို့စ်ဟာ ဟတ်ဆန်နဲ့ ၈ပွဲသာ ကွာဟတာကြောင့် မကြာမီမှာ ကမ္ဘာ့ဘောလုံး လောကရဲ့ နိုင်ငံတကာပွဲ အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်တော့မှာပါ။