မကြာသေးမီကမှ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲထားတဲ့ ဝါရင့် စပိန်နောက်ခံလူ ရာမို့စ်ကတော့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေနဲ့ ပြင်သစ် အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။ အသက် ၃၅နှစ် အရွယ် စပိန်အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားသမားဘဝ ကုန်ဆုံးသည် အထိ ဆက်လက် ရှိနေမယ့် ကစားသမား တဦး အဖြစ် ထင်ကြေးပေးခံထားရသူ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းဟာ ရာမို့စ်အတွက် သူတို့အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပြန်လည် ရုတ်သိမ်းခဲ့တာကြောင့် ရုတ်တရတ်ပဲ အသင်းလက်မဲ့ ကစားသမား ဖြစ်သွားရသူပါ။

Photo Credit: Marca

လက်ရှိမှာတော့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ရာမို့စ်ကို စီးရီးအေ အင်အားကြီးအသင်း တချို့နဲ့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တချို့က ခေါ်ယူဖို့ မျက်စိကျနေပေမယ့် အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ ခေါင်းဆောင်ကောင်း တဦးကို ခေါ်ယူဖို့ လိုအပ်နေတဲ့ ပီအက်စ်ဂျီအသင်းဟာ ရာမို့စ်ကို ခေါ်ယူဖို့ ခပ်မြန်မြန် လှုပ်ရှားနေပါတယ်။ ပြင်သစ် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ ရာမို့စ်ကို တပတ် လုပ်ခလစာ ယူရို ၂သိန်းနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားပြီး အဆိုပါ စာချုပ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ရှိနေစဉ်က ရာမို့စ် လိုချင်ခဲ့တဲ့ အချက်အလက်တွေ ပါဝင်နေတဲ့ စာချုပ်ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Marca

တဖက်မှာလည်း ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းကြောင်းကို သက်သေပြလိုနေတာကြောင့် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့် ထိပ်တန်း အသင်းတသင်းဆီသာ ပြောင်းရွှေ့ချင်နေကာ ပီအက်စ်ဂျီအသင်းရဲ့ သူ့အတွက် အသင့်တော်ဆုံးအသင်း အဖြစ် ယူဆနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြမှုအရ ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ အလွန်အမင်း နီးစပ်နေသလို သူ့ရဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကစားသမားတွေကိုလည်း သူဟာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့တော့မယ့် အကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။ ဆက်စပ်သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ အင်တာမီလန်အသင်းရဲ့ ညာနောက်ခံလူ ဟာခီမီကို ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ခေါ်ယူနိုင်တော့မယ်လို့လည်း သိထားရပါတယ်။