ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ဝါရင့် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်ဟာ သူ ခံစားနေရတဲ့ ခြေသလုံး ကြွက်သားဒဏ်ရာကြောင့် ကစားသမားဘဝ ကနေ စောစောစီးစီး အနားယူရဖွယ် ရှိနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၃၅နှစ် အရွယ် ဝါရင့် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် ကနေ ပီအက်စ်ဂျီထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Metro

ဆာဂျီယို ရာမို့စ်ဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသလို ယခုအချိန်အထိလည်း ကမ္ဘာ့အဆင့် နောက်ခံလူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။

ရာမို့စ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲက ပီအက်စ်ဂျီထံ ရောက်ရှိခဲ့သူ ဖြစ်ပေမယ့် ၆လတာ ကာလအတွင်းမှာ အသင်းအတွက် စုစုပေါင်း ၅ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၁ဂိုး သွင်းယူပေးထားပါတယ်။

 

Photo Credit: Metro

ရာမို့စ်ဟာ ပီအက်စ်ဂျီ အတွက် ပါဝင် ကစားပေးထားတဲ့ အချိန်တိုင်းမှာ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ပေမယ့် သူ့ရဲ့ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် မကြာခဏ ဆိုသလို အနားယူနေရသလို ခြေသလုံးကြွက်သား ဒဏ်ရာကလည်း အရှင်း ပျောက်ကင်းဖို့ မဖြစ်နိုင်တော့ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

ပြင်သစ်လက်ရွေးစင် အသင်းရဲ့ ဆရာဝန်တဦး အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ဝါရင့် ဆရာဝန်ကြီး ဖာရက်ကလည်း ရာမို့စ် ရရှိနေတဲ့ ခြေသလုံးကြွက်သား ဒဏ်ရာပြဿနာက သေးငယ်တဲ့ ဒဏ်ရာပြဿနာ တခု မဟုတ်ပဲ ရာမို့စ်အနေနဲ့ အဆိုပါ ဒဏ်ရာပြဿနာကြောင့် ကစားသမားဘဝ ကနေ အနားယူရနိုင်ကြောင်း သုံးသပ် ပြောကြားထားပါတယ်။

ဖာရက်က – “ဒဏ်ရာပြဿနာတွေကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ ဆိုတာ အတော်လေး ခက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘယ်အချိန်မှာ ဒဏ်ရာပြန်ရမလဲ ဆိုတာကို ဘယ်သူမှ မခန့်မှန်းနိုင်လို့ပါ။ ခြေသလုံးကြွက်သား ဒဏ်ရာပြဿနာတွေနဲ့ ပတ်သတ်ရင် ခင်ဗျားတို့ရဲ့ ကြွက်သားက ဘယ်လိုပုံစံမျိုးမှာ ရှိနေလဲ ဆိုတဲ့ အပေါ် မူတည်ပြီး ဒဏ်ရာရဲ့ အခြေအနေက သုံးသပ်ရမှာပါ။ ရာမို့စ်နဲ့ ပတ်သတ်ပြီး ပြောရရင်တော့ သူက ၁၉နှစ်လုံးလုံး အမြင့်မားဆုံး ခြေစွမ်းတရပ်ကို ပိုင်ဆိုင်ခဲ့သူ ဖြစ်တာကြောင့် သူ့ရဲ့ ခြေသလုံး ကြွက်သားတွေဟာ ကွေးဖို့ ညွှတ်ဖို့ ခက်လာသလို ပိုပြီးလည်း မာကျောနေပါလိမ့်မယ်။ ဒါကြောင့် သူရဲ့ဒဏ်ရာက မကြာခဏကို ပြန်ဖြစ်နေပါလိမ့်မယ်” လို့ သုံးသပ်ထားတာပဲ ဖြစ်ပါတယ်။