စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် တစ်ဖြစ်လဲ အဓိက နောက်ခံလူ ဖြစ်တဲ့ ရာမို့စ်ကတော့ ယခုတစ်ပတ်မှာ ကစားရမယ့် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဟူစကာအသင်းတို့ရဲ့ ပွဲစဉ်မှာသာ ပါဝင် ကစားနိုင်ခဲ့ပါက သူ့ရဲ့ ကစားသမား ဘဝမှာ လာလီဂါ ပွဲ ၅၀၀ မြောက်ကို ကစားရမှာ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၄နှစ် အရွယ် စပိန်အသင်း ခေါင်းဆောင် ရာမို့စ်ဟာ သူ့ရဲ့ အသင်းဟောင်း ဆီဗီလားအသင်းနဲ့ လာလီဂါပွဲ ၃၉ ပွဲ ပါဝင် ကစားပေးထားကာ ရီးရဲလ် မက်ဒရစ် အသင်းအတွက်တော့ လာလီဂါပွဲ ၄၆၀ ပွဲ အထိ ပါဝင် ကစားပေးထားသူပါ။

Photo Credit: Marca

ဒါ့ကြောင့် ရာမို့စ် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်ဟာ ၄၉၉ပွဲအထိ ရှိနေခဲ့ပြီး ဟူစကာ အသင်းနဲ့ ပွဲစဉ်မှာသာ ပါဝင် ကစားနိုင်ခဲ့ပါက လာလီဂါပွဲစဉ် ၅၀၀ ပြည့်မြောက်တော့မှာ ဖြစ်ပြီး စပိန် လာလီဂါမှာ အမှတ်ပေးပွဲ ၅၀၀ အထိ ကစားနိုင်ခဲ့တဲ့ ၁၀ဦးမြောက် ကစားသမား အဖြစ် မှတ်တမ်း ဝင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ရာမို့စ်ရဲ့ အရှေ့မှာ လာလီဂါပွဲစဉ် ၅၀၀ ပြည့်မြောက်ထားတဲ့ ကစားသမားတွေ ကတော့ အန်ဒိုနီ ဇူဘီဇာရက်တာ ၊ ဂျိုအာကွင်း ၊ ရာအူးလ် ၊ အူဆီဘီယို ၊ မာနိုလို ဆန်းချီ ၊ ကာဆီးလက် ၊ ဇာဗီ ၊ ဆိုလာနဲ့ ပါကို ဘူယိုတို့ပဲ ဖြစ်ကြပါတယ်။ လာလီဂါပွဲ ၅၀၀ ဆိုတဲ့ စံချိန်ကို စပိန်အသင်းရဲ့ ဂန္တဝင် ကစားသမားတွေ ဖြစ်တဲ့ ပူယိုးလ် ၊ အင်နီယေစတာ ၊ ဒေးဗစ်ဗီလာတို့တောင် မရခဲ့ဖူးတာကြောင့် ရာမို့စ် အတွက် လာလီဂါပွဲ ၅၀၀ ပြည့်မြောက်ခဲ့တာဟာ အတော်လေးကို ကောင်းမွန်တဲ့ အရာတစ်ခုပါ။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဟူစကာ အသင်းတို့ရဲ့ ပွဲစဉ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အိမ်ကွင်းမှာ ကစားရမယ့် ပွဲစဉ် တစ်ပွဲ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ ပွဲမစခင်မှာ လာလီဂါ ပွဲ ၅၀၀ ပြည့်မြောက်မယ့် ရာမို့စ်ကို ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ဖွယ် ရှိကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ဂလာဘက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သရေတစ်မှတ်သာ ရခဲ့တာကြောင့် ယခုတစ်ပတ်မှာ ကစားမယ့် လာလီဂါပွဲစဉ်မှာ အနိုင်ရဖို့ လိုအပ်နေပြီး ရာမို့စ် တစ်ယောက် သူ့ရဲ့ အထိမ်းအမှတ် နေ့တစ်ခုမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်မလား ဆိုတာက စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။