ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် စပိန်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ နောက်ခံလူ ဆာဂျီယို ရာမို့စ်ကတော့ ရီးရဲလ်မက်ဒရစ် အသင်းက အီဘာအသင်းကို သုံးဂိုး တစ်ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်း အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူ နိုင်ခဲ့အပြီးမှာ သူ့ရဲ့ ကစားသမားဘဝ သွင်းဂိုး ဟာ ၁၁၁ဂိုးအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။ ရာမို့စ်လို ဗဟိုနောက်ခံလူ တစ်ဦးအတွက် အဆိုပါ သွင်းဂိုး စံချိန်ဟာ အတော်လေးကို အံ့အား သင့်စရာ ကောင်းခဲ့ပြီး ရာမို့စ်ဟာ ဘာစီလိုနာ အသင်းရဲ့ နာမည်ကျော် ကွင်းလယ်အတွဲအဖက် ဖြစ်တဲ့ ဇာဗီနဲ့ အင်နီယေစတာတို့ရဲ့ ကစားသမားဘဝတုန်းက သွင်းယူခဲ့တဲ့ သွင်းဂိုးတွေ ထက်တောင် ပိုမိုများပြားတဲ့ သွင်းဂိုးကို သွင်းယူ ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Marca

အသက်၃၄နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရာမို့စ် ဟာ ထောင့်ကန်ဘောတွေ ၊ ပြစ်ဒဏ်ဘောတွေ ကနေ တဆင့် ဂိုးသွင်းယူရာမှာ ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး အသင်းအတွက် လိုအပ်လာတဲ့ အခါ ပင်နယ်တီ ကန်သွင်းပေးရရင်လည်း အတော်လေးကို ပင်နယ်တီကန်တာ ကောင်းတဲ့ ကစားသမားတစ်ဦးပါ။ ဒါ့ကြောင့်လည်း ရာမို့စ် ဟာ သူ့ရဲ့ကစားသမားဘဝမှာ သွင်းဂိုး ၁၁၁ဂိုး အထိ သွင်းယူထားနိုင်ခဲ့ကာ လာလီဂါပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး နောက်ခံလူဆိုတဲ့ ဂုဏ်ပုဒ် ကို ရရှိထားသလို ဒုတိယနေရာမှာ ရှိနေတဲ့ ဟီရာရို ရဲ့ ၆၇ဂိုး စံချိန်ကို နှစ်ဆနီးပါး ဖြတ်ထားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရာမို့စ်ဟာ နာမည်ကြီး ကွင်းလယ်လူတွေ ဖြစ်တဲ့ ဇာဗီ ၊ အင်နီယေစတာ ၊ ပေါ့ဘာ ၊ ဖာဘင်ဟို စတဲ့ ကစားသမားတွေထက်တောင် သွင်းဂိုးပိုများတဲ့ ကစားသမားဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Marca

အချက်အလက် မှတ်တမ်းတွေအရ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ဗိုလ်ချုပ် ဖြစ်ခဲ့သူ ဇာဗီ ဟာ သူ့ရဲ့ ကစားသမားဘဝမှာ သွင်းဂိုး ၉၀ဂိုး သာ သွင်းယူနိုင်ခဲ့တယ်လို့ သိရပြီး သူနဲ့ တွဲဖက် ကစားသမားဖြစ်ခဲ့တဲ့ အင်နီယေစတာကတော့ သွင်းဂိုး ၈၅ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာဟာလည်း ကစားသမား ဘဝ သွင်းဂိုး ၇၅ဂိုးသာ ရရှိထားသေးပြီး လီဗာပူးအသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဖာဘင်ဟိုကတော့ ကစားသမားဘဝ သွင်းဂိုး ၂၇ဂိုးသာ ရရှိထားခဲ့ပါတယ်။ ဒါ့ကြောင့် ရာမို့စ် ရဲ့ သွင်းဂိုးမှတ်တမ်းဟာ ထိပ်တန်း ကွင်းလယ် ကစားသမားတွေထက်တောင် ပိုမို သာလွန်နေတာကို မြင်တွေ့ကြရမှာပါ။ ရာမို့စ်ဟာ လက်ရှိ ဘောလုံးရာသီမှာဆိုရင်လည်း လာလီဂါပွဲစဉ် ၂၆ပွဲ ပါဝင် ကစားထားရာမှာ ၆ဂိုးအထိ သွင်းယူ ပေးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။