လွန်ခဲ့တဲ့ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီတုန်းက ဂီတာဖေးအသင်းရဲ့ နောက်ခံကစားသမားကြီး မာရီယာနိုပယ်နီရာက စပိန်လာလီဂါမှာ တစ်ရာသီအတွင်း သွင်းဂိုး(၁၀)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လာလီဂါပြိုင်ပွဲရဲ့သမိုင်းတလျှောက် ခံစစ်ကစားသမားတွေအားလုံးထဲမှာ တစ်ရာသီအတွင်း သွင်းဂိုးများစွာ ရယူနိုင်ခဲ့သူအဖြစ် မှတ်တမ်းတင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီကစားသမားကြီးရဲ့မှတ်တမ်းကောင်းတစ်ခုကိုတော့ (၁၅)နှစ်အကြာမှာ နောက်ထပ် ခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ ဆာဂျီယိုရာမို့စ်ကနေ စံချိန်ရိုက်ချိုးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Photo Credit : AS English

အသက်(၃၄)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ရာမို့စ်ဟာ ရီးရဲလ်အသင်းရဲ့ခံစစ်ပိုင်းတာဝန်ကို အကောင်းဆုံးထမ်းဆောင်နိုင်ခဲ့သလို လိုအပ်ရင်လည်း သွင်းဂိုးတွေပါ ရယူနိုင်တဲ့ နောက်ခံလူတစ်ယောက်ဖြစ်ပါတယ်။ ရာမို့စ်ဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း လာလီဂါသွင်းဂိုး(၁၁)ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဒုတိယမြောက်သွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့သလို နောက်ခံလူဟောင်းကြီး ပယ်နီရာရဲ့ (၁၅)နှစ်ကျော်ကြာ တည်ရှိနေခဲ့တဲ့ စံချိန်ဟောင်းကိုပါ ရိုက်ချိုးနိုင်ခဲ့ပါတယ်။

Photo Credit : GiveMeSport

ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပုံမှန်ပင်နယ်တီကန်သွင်းသူအဖြစ် တာဝန်ယူထားတာဖြစ်ပြီး ဒီရာသီ လာလီဂါမှာလည်း သူကန်သွင်းခဲ့ရတဲ့ (၇)ကြိမ်လုံးကို အကြိမ်တိုင်းဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ရာမို့စ်ဟာ ကိုဗစ်ကာလအလွန် ဘောလုံးပွဲတွေ ပြန်လည်စတင်ခဲ့ပြီးနောက် လာလီဂါမှာ ရီးရဲလ်အတွက် သွင်းဂိုးတွေကို ဒိုင်ခံသွင်းယူခဲ့တာဖြစ်ပြီး ပင်နယ်တီနဲ့ ဖရီးကစ်ကန်ချက်တွေကနေအပြင် ခေါင်းတိုက်ပြီးတော့လည်း သွင်းယူခဲ့ရာ ပြန်လည်ကစားဖြစ်ခဲ့တဲ့ လာလီဂါပွဲစဉ်(၁၁)ပွဲအတွင်း သူသွင်းယူနိုင်ခဲ့တဲ့ ပမာဏက (၆)ဂိုးအထိကို ရှိခဲ့ပါတယ်။ ဒါဟာ ဒီရာသီရဲ့ လာလီဂါဂိုးသွင်းအများဆုံးဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီရဲ့ ကိုဗစ်ကာလအလွန် ပြန်လည်ကစားခဲ့ရတဲ့ပွဲတွေမှာ သွင်းယူနိုင်ခဲ့တဲ့ ဂိုးပမာဏလည်းနဲ့ တူညီနေခဲ့ရပါတယ်။ ဒီနှစ်ဘောလုံးရာသီအစပိုင်းလောက်မှာတုန်းက ရာမို့စ်ဟာ အသင်းနဲ့ အဆင်မပြေဖြစ်နေမှုတွေကြောင့် ရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲတော့မယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ရီးရဲလ်ဥက္ကဌပီရက်ဇ်ကတော့ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင်ဟာ အသင်းမှာပဲ သူရဲ့ကစားသမားဘဝ အဆုံးသတ်ချိန်ထိ ကစားသမားသွားမယ့်သူလို့ မှတ်ချက်ပြုပြောဆိုခဲ့ပြီး သူရဲ့အနာဂတ်အတွက် အာမခံစကားကို ပြောဆိုသွားခဲ့ပါတယ်။