ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ စပိန်ဝါရင့် ခံစစ်မှူး ဆာဂျီယို ရာမို့စ်ရဲ့ လျို့ဝှက် အသံဖိုင် တခုက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုပေးပွဲ အဖြစ် သတ်မှတ်ခံထားရတဲ့ ရွှေဘောလုံး ဆုပေးပွဲမှာ အကျင့်ပျက် ခြစားမှုတွေ ၊ မသမာမှုတွေ ရှိနေကြောင်း သက်သေပြနေတယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ထွက်ပေါ်လာတဲ့ အသံဖိုင်ကတော့ ရာမို့စ် တယောက် ရီးရဲလ်မက်ဒရစ် အတွက် ကစားပေးနေခဲ့တဲ့ ၂၀၂၀ခုနှစ်မှာ ရာမို့စ်က စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရူဘီရယ်ထံ သူ့ကို ရွှေဘောလုံးဆု ရရှိနိုင်အောင် ကူညီကာ လာဘ်ထိုးပေးဖို့ ဖုန်းဆက်ပြီး လှမ်းပြောခဲ့တဲ့ အသံဖိုင်ပဲ ဖြစ်ပါတယ်။

Photo Credit: Marca

အသက် ၃၆နှစ် အရွယ် စပိန်ခံစစ်မှူး ဆာဂျီယို ရာမို့စ်က ရီးရဲလ်မက်ဒရစ် ကနေ ပီအက်စ်ဂျီထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာတော့ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့ပြီး ရာမို့စ်က အဆိုပါ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၄၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၃ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ်ပါ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ရာမို့စ်က ၂၀၂၀ခုနှစ် အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့တဲ့ ကစားသမား ၃ဦး စာရင်းထဲ ပါဝင်ခဲ့ပေမယ့် ရွှေဘောလုံးဆုကို ပေးအပ် ချီးမြှင့်တဲ့ France Football ကတော့ အဆိုပါနှစ်မှာ ကိုဗစ်ဗိုင်းရပ်စ် အကြီးအကျယ် ပျံ့ပွားခဲ့တာကြောင့်ပဲ ရွှေဘောလုံးဆုပေးပွဲကို မကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် France Footballက ရွှေဘောလုံးဆုပေးပွဲကို ဖျက်သိမ်းကြောင်း မကြေညာမီမှာပဲ ရာမို့စ်က စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရူဘီရယ်ထံ ဆက်သွယ်ကာ သူ့ကို ယခုနှစ် ရွှေဘောလုံးဆုအား ရရှိအောင် လုပ်ပေးဖို့ အကူအညီ တောင်းခဲ့ပါတယ်။

Photo Credit: Marca

ရာမို့စ်က – “ကျွန်တော်က ခင်ဗျားဆီကနေ ဘာတခုမှ အကူအညီ မယူဖူးတာ ခင်ဗျားလည်း သိမှာပါ။ ဒါပေမယ့် ဒီနှစ်တော့ ကျွန်တော်က ခင်ဗျားကို တခု ကူညီစေချင်တယ်။ ဒီနှစ် ကျွန်တော့်ရဲ့ ခြေစွမ်းက အရမ်းကို ကောင်းခဲ့သလို အသင်းကိုလည်း အများကြီး အကူအညီ ပေးနိုင်ခဲ့တယ်။ ဒါကြောင့် ခင်ဗျားရဲ့ အဆက်အသွယ်တွေ သုံးပြီး ကျွန်တော့်ကို ရွှေဘောလုံးဆု ရအောင် ကူညီပေးဖို့ တောင်းဆိုချင်တယ်။ တကယ်လို့ ကျွန်တော်သာ ရွှေဘောလုံးဆုကို ရခဲ့ရင် ခင်ဗျားကို တသက်လုံး ကျေးဇူးတင်မိမှာပါ။ ပြီးတော့ ရွှေဘောလုံးဆုကို အရယူဖို့က ကျွန်တော် တယောက်ထဲ အတွက် မဟုတ်ပါဘူး။ ကျွန်တော့်အမြင်မှာ စပိန်ဘောလုံးလောကဟာ ဒီထက် ပိုတဲ့ လေးစားမှုတွေ ရသင့်တယ်လို့ ထင်တယ်” ဆိုပြီး ရူဘီရယ်ထံ ဆက်သွယ်ကာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရာမို့စ်ရဲ့ အသံဖိုင်ကြောင့် ရွှေဘောလုံးဆုပေးပွဲက မသမာမှုတွေ ပြည့်နှက်နေတဲ့ နေရာတခု ဖြစ်ကြောင်း ဘောလုံးပရိသတ် အများစုက ဝေဖန်နေကြပါတယ်။