စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ် ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ အပြီးမှာတော့ အသင်းအတွက် စုစုပေါင်း သွင်းယူပေးခဲ့တဲ့ သွင်းဂိုးဟာ ဂိုး၁၀၀ ရှိသွားခဲ့ပြီလို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက အင်တာမီလန် အသင်းကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဒုတိယ ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၃မိနစ်မှာ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

နောက်ခံလူ တစ်ဦးအတွက် ကစားသမား ဘဝမှာ သွင်းဂိုး ၁၀၀ ပြည့်မြောက်ဖို့ဟာ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ရာမို့စ်အတွက်တော့ ဂိုးသွင်းရတာက လွယ်ကူနေသလိုပါပဲ။ ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်း အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၀၀ ပြည့်သွားခဲ့ပါပြီ။ ဒါဟာ ရီးရဲလ်မက်ဒရစ်အသင်း တစ်သင်းထဲ အတွက်သာ သွင်းယူခဲ့တဲ့ သွင်းဂိုး အရေအတွက် ဖြစ်ပြီးတော့ စပိန် လက်ရွေးစင် အသင်းနဲ့ အသင်းဟောင်း ဆီဗီလားအသင်း အတွက် သွင်းယူပေးခဲ့တဲ့ သွင်းဂိုးတွေ မပါဝင်ပါဘူး။ ရာမို့စ်ရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ သွင်းဂိုးတွေ အကြောင်းကို အနည်းငယ် ရှင်းပြရရင်တော့ ရာမို့စ် တစ်ယောက် ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ပြိုင်ဘက်အသင်းဟာ သူ့ရဲ့ အသင်းဟောင်း ဆီဗီလားအသင်း ဖြစ်ပြီး ရာမို့စ်ဟာ ဆီဗီလားအသင်းဘက်ကို သွင်းဂိုး ၇ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါ့အပြင် ရာမို့စ်ဟာ သူ့ရဲ့ သွင်းဂိုး ၁၀၀ထဲက ၅၅ဂိုးကို ခေါင်းတိုက်ကာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ညာခြေနဲ့ ၃၇ဂိုး ၊ ဘယ်ခြေနဲ့ ၇ဂိုးနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ သွင်းယူခဲ့တဲ့ သွင်းဂိုး တစ်ဂိုး ရှိပါတယ်။ ရာမို့စ်ရဲ့ သွင်းဂိုးတွေထဲမှာ ပင်နယ်တီ သွင်းဂိုး ၂၁ ဂိုး ပါဝင်ပြီး ရာမို့စ်ဟာ ပြစ်ဒဏ်ဘော ကန်သွင်းမှုကနေလည်း သွင်းဂိုး ၂ဂိုး ရယူထားနိုင်ခဲ့ပါတယ်။ ရာမို့စ်ရဲ့ သွင်းဂိုးတွေကို အသေးစိတ် ထပ်မံ ခွဲခြားကြည့်မယ် ဆိုရင် ရာမို့စ်ဟာ ကစားကွက်ကနေ သွင်းဂိုး ၁၆ဂိုး သွင်းယူ ပေးထားပြီး ထောင့်ကန်ဘောကနေ တဆင့် သွင်းဂိုး ၃၉ဂိုး ၊ ပြစ်ဒဏ်ဘောကနေ တဆင့် သွင်းဂိုး ၂၂ဂိုးအထိ သွင်းယူပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။