ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးနဲ့ ဘရာဇီးလ်တို့ရဲ့ ကွင်းလယ်လူဟောင်း တဦး ဖြစ်သူ ရာမီရက်စ်က ယခု ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်နဲ့အတူ ပါဝင်ခွင့် ရနေသလို မိခင်ကလပ် အာဆင်နယ်မှာလည်း ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် မာတီနယ်လီကို အာဆင်နယ်ထက် ပိုမြင့်တဲ့ အသင်းဆီ ပြောင်းဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ဘရာဇီးလ် လူငယ် တိုက်စစ်မှူးလေး မာတီနယ်လီက ၂၀၁၉ခုနှစ်မှာ ဘရာဇီးလ်ကလပ် အိုင်တူယာနို ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၇.၁သန်းထဲနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူဟာ အာဆင်နယ်ဆီ စတင် ရောက်ရှိချိန်ကတည်းက အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်လာပါတယ်။

Photo Credit: Football London

မာတီနယ်လီက ပင်ကိုယ် ပါရမီ မြင့်မားတဲ့ ကစားသမား တဦး မဟုတ်ပေမယ့် သူ့ရဲ့ ကြိုးစား အားထုတ်မှုနဲ့ ဘောလုံး တခုထဲကိုသာ အာရုံစိုက် လေ့ကျင့်မှုတို့ကြောင့် ခြေစွမ်းတွေ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာဆိုရင် အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၂၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘရာဇီးလ်နည်းပြ တီတီက မာတီနယ်လီကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ် အတွက် ရွေးချယ်ခဲ့ပြီး မာတီနယ်လီက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ် အတွက် ၃ပွဲ ပါဝင် ကစားပေးခွင့် ရခဲ့ပါတယ်။

Photo Credit: Football London

ဘရာဇီးလ် ကစားသမားဟောင်း တဦး ဖြစ်သူ ရာမီရက်စ်ကတော့ သူဟာ အတိုးအလှုပ် ကောင်းတဲ့ မာတီနယ်လီကို သဘောကျပြီး မာတီနယ်လီဟာ ခြေစွမ်းပိုင်း တိုးတက်လာချိန်မှာ အာဆင်နယ်ထက် ပိုမြင့်တဲ့ အသင်းတသင်းဆီ ပြောင်းသင့်ကြောင်း အကြံပေးသွားပါတယ်။

ရာမီရက်စ်က – “မာတီနယ်လီက အရမ်းကို ကောင်းတဲ့ ကစားသမား တယောက်ပါ။ သူက ဒီရာသီမှာ အာဆင်နယ် အတွက် အရေးအပါဆုံး ကစားသမားတွေထဲက တယောက် အဖြစ် ခြေစွမ်းပြထားနိုင်ပါတယ်။ သူ့လိုမျိုး ဘရာဇီးလ် လူငယ်တွေ တောက်ပလာတာကို မြင်ရတဲ့ အတွက် ဝမ်းသာမိပါတယ်။ ဘရာဇီးလ် လူငယ်တွေ ခြေစွမ်းပြနေပြီ ဆိုရင် ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ်တို့လို အသင်းကြီးတွေက အမြဲတမ်း စောင့်ကြည့်တတ်ကြပါတယ်။ သူတို့ရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ရတတ်ပါတယ်။ သူက အာဆင်နယ်မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့ ဆော့နေတာကို မြင်ရပါတယ်။ ဒါပေမယ့် အာဆင်နယ်ထက် ပိုပြီး မြင့်တဲ့ အသင်းတွေ ဆိုတာ ရှိပါတယ်။ တကယ်လို့ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးတွေ ၊ သူ့အတွက် ငယ်ဘဝ အိမ်မက်ကလပ်လို ဖြစ်ခဲ့တဲ့ အသင်းမျိုးတွေသာ ကမ်းလှမ်းလာမယ် ဆိုရင် မာတီနယ်လီ တယောက် ပိုမြင့်တဲ့ နေရာဆီ တက်လှမ်းသွားသင့်ပါတယ်။ တဖက်မှာ အာဆင်နယ်ကလည်း မာတီနယ်လီကို အသင်းမှာပဲ ဆက်နေအောင် အစွမ်းကုန် ကြိုးစားသင့်ပါတယ်။ တကယ်လို့ မာတီနယ်လီသာ အသင်းမှာ ဆက်ရှိနေခဲ့ရင် သူတို့က တကယ့် ထိပ်တန်း ကစားသမား တယောက်ကို ရလိုက်မှာပါ။ အခုတော့ လူတိုင်းက မာတီနယ်လီ တယောက် အာဆင်နယ် ကနေ ထွက်တော့မလား ဆိုတဲ့ မေးခွန်းတွေ မေးနေကြပြီ” လို့ တိုက်တွန်း အကြံပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။