ပွဲကစားခဲ့ရတဲ့ အချိန်တွေတိုင်းလိုလိုမှာ ဆိုက်ပိနေတယ်လို့ ဝေဖန်ပြောဆိုခံနေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖိုဒ့်ဟာ မနေ့ညက ကစားသွားခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ အက်အေဖလား တတိယအဆင့် ပွဲစဉ်မှာလည်း အသင်းအတွက် ပွဲထွက်ကစားခဲ့ရပေမယ့်လည်း ပုံမှန်ခြေစွမ်းမျိုး ပြသနိုင်ဖို့တောင် ရုန်းကန်နေရပြီး အခုလို ပုံစံမျိုး ဘာကြောင့်ဖြစ်နေတာလဲဆိုတာကို နားမလည်နိုင်ဘူးလို့ ယူနိုက်တက်နည်းပြ ရန်းနစ်က ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Odu News
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်ကနေ ပွဲကစားချိန်အတွင်း ပြသခဲ့တဲ့ Body Language တွေနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုနဲ့ ရင်ဆိုင်ခဲ့ရသေးတဲ့ ရပ်ရှ်ဖိုဒ့်ဟာ အခုလည်း ဗီလာနဲ့ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ကစားပေးရပေမယ့် သူရဲ့ကစားပုံက အမှားများနေခဲ့သလို အရင်လို ခြေစွမ်းကောင်းမျိုးတွေ ပြသဖို့ထက် ပုံမှန်ခြေမျိုး ပြသနိုင်ဖို့တောင် ခက်ခဲလို့ နေပါတယ်။ အခုလို ရပ်ရှ်ဖိုဒ့်တစ်ယောက် ရုန်းကန်နေရတာနဲ့ပတ်သက်ပြီး ဘာကြောင့်အခုလို ဖြစ်နေရသလဲလို့ ယူနိုက်တက်နည်းပြ ရန်းနစ်ကို မေးမြန်းခဲ့ရာ ရန်းနစ်က “အမှန်တိုင်း ပြောရမယ်ဆိုရင် ကျွန်တော် မသိပါဘူး”
Photo Credit : World Football
“သူ အတော်လေး ကြိုးစားကစားနေတယ်လို့ ကျွန်တော် ထင်ထားတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာတောင် ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တာကြောင့် ဒီနေ့ပွဲရဲ့ ပွဲထွက်ကစားသမားစာရင်းမှာပါ သူ ရွေးချယ်ခံထားခဲ့ရတာ။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာတော့ ကျွန်တော်တို့တွေ သူ့ကို မကြာခဏ မြင်တွေ့ရမှာပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေ သူ့ကို ဧရိယာထဲ ရောက်ရှိနေဖို့လည်း ကြိုးစားခဲ့ပါသေးတယ်။ ဒုတိယပိုင်း အရောက်မှာတော့ ဒီလိုတွေ မဖြစ်လာတော့တဲ့အတွက် ပွဲပြီးဆုံးခါနီးမှာ လင်ဂတ်နဲ့ အီလန်ဂါတို့ကို ထည့်သွင်းပြီး အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက် ချလိုက်ရတယ်။ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့က အရမ်းအရေးကြီးတယ်။ တိုက်စစ်မှူးတွေမှာလည်း အထူးသဖြင့်တော့ ယုံကြည်မှု ရှိနေဖို့က အရေးကြီးတယ်။ အောင်မြင်တဲ့ အခိုက်အတန့်တွေ ရှိနေဖို့ကလည်း သူတို့ ဂိုးတွေ သွင်းယူနိုင်ဖို့ လိုအပ်တယ်။ ဥပမာအနေနဲ့ မားကပ်စ်အတွက် သူဂိုးသွင်းနိုင်ရင် ကောင်းလိမ့်မယ် ဆိုပေမယ့်လည်း သူကြိုးစားနေသရွေ့ သူကောင်းကောင်း လေ့ကျင့်နေသရွေ့ကတော့ ပြသာနာ သိပ်ရှိလိမ့်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။