ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသလို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အတိုင်ပင်ခံ အဖြစ် ပြောင်းလဲ လုပ်ဆောင်မယ့် ရက်ဖ် ရန်းဂ်နစ်ဟာ ဥရောပရဲ့ နိုင်ငံလက်ရွေးစင် အသင်းတသင်း ဖြစ်တဲ့ ဩစတီးယားအသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်တော့မယ်လို့ ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၆၃နှစ် အရွယ် ဂျာမန်လူမျိုး နည်းပြဖြစ်သူ ရက်ဖ် ရန်းနစ်ဂ်ဟာ နည်းပြအတွေ့အကြုံ များပြားသလို အသင်းတသင်းကို တည်ဆောက်ရာမှာလည်း ထူးချွန်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တာကြောင့် ဥရောပတိုက်ရဲ့ အသင်းလတ် တသင်းလို့ ဆိုရမယ့် ဩစတီးယားအသင်းက သူ့ကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

တဖက်မှာလည်း ရန်းဂ်နစ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူထားပေမယ့် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အတိုင်ပင်ခံရာထူးကို ပြောင်းလဲ လုပ်ကိုင်ရဖို့ ရှိနေတာကြောင့် သူ့အတွက် အချိန်ပို များစွာ ရှိနေပြီး အဆိုပါ အချိန်ပိုတွေမှာ ဩစတီးယားရဲ့ နည်းပြချုပ် အဖြစ် လုပ်ကိုင်ဖို့ စဉ်းစားနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Germany သတင်းဌာနရဲ့ ဖော်ပြချက်အရ ရန်းဂ်နစ်နဲ့ ဩစတီးယား ဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ခံတွေက နည်းပြသစ် ခန့်အပ်မယ့် ကိစ္စရပ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေကာ ဩစတီးယား ဘောလုံးအဖွဲ့ချုပ်က ရန်းဂ်နစ်ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်းကို ယခုတပတ် အတွင်း ပြုလုပ်ဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Sky Sports

ရက်ဖ် ရန်းဂ်နစ်ကလည်း သူဟာ ဩစတီးယားရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူခဲ့ရင်တောင် မန်ချက်စတာ ယူနိုက်တက်ရဲ့ အတိုင်ပင်ခံရာထူး ကနေ နှုတ်ထွက်ဖို့ မရှိကြောင်းနဲ့ သူက အလုပ်နှစ်ခုစလုံးကို အင်အားပြည့် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ချယ်လ်ဆီးနဲ့ ပွဲစဉ်အပြီးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။