စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ရာကီတစ်က ယူရိုပါလိဂ်ပြိုင်ပွဲဟာ သူတို့အသင်းရဲ့ အောင်မြေ ဖြစ်ပြီး သူတို့အသင်းက ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ အင်္ဂလန် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ယူကာ ဆီမီးဖိုင်နယ်ဆီ တက်ရောက်ပြမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

ဆီဗီးလားက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၆ကြိမ် အထိ ဗိုလ်စွဲထားတဲ့ အသင်း ဖြစ်ပြီး သူတို့အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ထားပါတယ်။

Photo Credit: Daily Mail

ဆီဗီးလားက ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းတွေ တောက်လျှောက် ဆိုးဝါးနေတာကြောင့် လာလီဂါပြိုင်ပွဲမှာ အဆင့်၁၃နေရာ အထိ ရောက်ရှိနေပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ အိမ်ကွင်း ခြေစွမ်းကောင်းတွေနဲ့ ကွာတားဖိုင်နယ် အထိ တက်ရောက်ထားနိုင်ပါတယ်။

ဆီဗီးလားနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ပထမအကျော့ အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ တဖက် ၂ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားတာကြောင့် ယနေ့ညမှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ အနိုင်ရရှိတဲ့ အသင်းက ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: 90 Min

လက်ရှိမှာ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်က ဆီဗီးလားထက် ခြေစွမ်းပိုင်း ပိုကောင်းနေပေမယ့် ဆီဗီးလားရဲ့ ယူရိုပါလိဂ် အစဉ်အလာကို လျှော့တွက်လို့ မရပဲ ဆီဗီးလား အသင်းခေါင်းဆောင် ရာကီတစ်ကတော့ သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်စွမ်း ရှိကြောင်း ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ရာကီတစ်က – “မန်ယူက အတွေ့အကြုံ ပြည့်ဝသလို ငွေကြေးအင်အား တောင့်တင်းတဲ့ အသင်းပါ။ ဒါပေမယ့် မန်ယူက ရာမွန် ဆန်းချက်ဇ်-ပီဟွမ် (ဆီဗီးလားအိမ်ကွင်း) ဆိုတာ ဘယ်လိုမျိုး အရာတွေကို လုပ်ဆောင်နိုင်လဲ ဆိုတာကို မသိသေးပါဘူး။ ကျွန်တော် ဘာစီလိုနာမှာ ကစားခဲ့တုန်းက ဆီဗီးလားကွင်းဆီ ရောက်တဲ့ အခါတိုင်း မတူညီတဲ့ ခက်ခဲမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဆီဗီးလားရဲ့ ပရိသတ်တွေကလည်း အံ့အားသင့်စရာ ကောင်းတဲ့ အရာတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒီဂီယာနဲ့ ကတ်စ်မဲရိုးတို့က ရာမွန်ကွင်းထဲမှာ ကစားရင် ဘယ်လိုအရာတွေနဲ့ ကြုံရတတ်လဲ ဆိုတာကို ကောင်းကောင်းကြီး သိကြပါတယ်။ သူတို့က သူတို့ရဲ့ အသင်းဖော်တွေကို ဒီကွင်းအကြောင်း ဖောက်သည်ချကြမှာလဲ အသေအချာပါပဲ။ ပြီးတော့ ယူရိုပါလိဂ်ပြိုင်ပွဲ ဆိုတာ ဆီဗီးလားရဲ့ အောင်မြေပါ။ ဒါကို လူတိုင်း သိကြပါတယ်။ မန်ယူက ဒီညမှာ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ရပါလိမ့်မယ်။ ကျွန်တော်တို့က ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်ပြီ ဆိုတဲ့ စကားမျိုးကို မပြောချင်သေးပါဘူး။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဒုက္ခရောက်တော့မယ် ဆိုတာကိုတော့ ပြောနိုင်ပါတယ်” ဆိုပြီး ကြွေးကြော်သွားခဲ့တာပဲ ဖြစ်ပါတယ်။