စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားအသင်းရဲ့ ဝါရင့် ကွင်းလယ်လူ ရာကီတစ် ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ချင်ခဲ့ပေမယ့် ပြောင်းရွှေ့ခွင့် မရခဲ့တဲ့ အသင်းဖော် ခွန်ဒေကို စိတ်ညစ်စရာတွေ အားလုံးကို မေ့ပစ်လိုက်ဖို့ နှစ်သိမ့် အားပေးစကား ပြောကြားလိုက်ပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ခွန်ဒေဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်း ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပေမယ့် ချယ်လ်ဆီးနဲ့ ဆီဗီးလားအသင်းတို့ ကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာပါ။

Photo Credit: Daily Mail

ဆီဗီးလားအသင်းဟာ သူတို့အသင်းရဲ့ အကောင်းဆုံး နောက်ခံလူ အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၈၀သန်း အထိ လိုချင်နေပေမယ့် ချယ်လ်ဆီးအသင်းက ခွန်ဒေအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၃သန်း (ယူရို၅၀သန်း) ဝန်းကျင်နဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရဖို့ ခက်ခဲခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ခွန်ဒေဟာ ချယ်လ်ဆီးအသင်းထံ မပြောင်းရွှေ့ခဲ့ရတဲ့ အတွက် ဆီဗီးလားအသင်း အပေါ် စိတ်ပျက်မှုတွေ ရှိနေသလို အသင်းနည်းပြ လိုပက်တီဂွီနဲ့လည်း ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

ဆီဗီးလားအသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်သလို ဝါရင့် ကွင်းလယ်လူလည်း ဖြစ်တဲ့ ရာကီတစ် ကတော့ ခွန်ဒေရဲ့ ခံစားချက်ကို နားလည် သဘောပေါက်ကြောင်းနဲ့ ခွန်ဒေကလည်း ဆီဗီးလားအသင်းဟာ သူ့ရဲ့ ဒုတိယ မိသားစု ဖြစ်ကြောင်းကို နားလည်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: Daily Mail

ခွန်ဒေနဲ့ ပတ်သတ်ပြီး ရာကီတစ်က – “သူ(ခွန်ဒေ) နိုင်ငံအသင်း ကနေ ပြန်လာတဲ့အခါ ကျွန်တော်တို့တွေ စကားပြောဖြစ်မယ်လို့ ထင်ပါတယ်။ ပြီးတော့ သူ့ကိုလည်း ကျွန်တော်တို့ဟာ သူ့ကို ယုံကြည်နေဆဲပဲ ၊ သူ့ရဲ့ ဒုတိယမြောက် မိသားစုဝင်တွေ ဖြစ်နေဆဲပဲ ဆိုတာကို သိစေချင်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ အတွက် အရမ်းကို အရေးကြီးပါတယ်။ ကျွန်တော်တို့တွေက သူ့အနေနဲ့ သက်တောင့်သက်သာ ဖြစ်နေဖို့ကို ပထမ ဦးစားပေး လုပ်ဆောင်ဖို့ လိုပါတယ်။ ပြီးရင်တော့ သူ့အတွက် အကောင်းဆုံး ဖြစ်မယ့် အရာတွေကို ကျွန်တော်တို့ အတူတကွ လုပ်ဆောင်ချင်ပါတယ်။ သူက အသက် ၂၂နှစ်ပဲ ရှိသေးတာကြောင့် အတော်လေးကို ငယ်ပါသေးတယ်။ ဒါကြောင့် သူ့မှာ တိုးတက်စရာတွေ အများကြီး ကျန်နေပါတယ်။ ဒါပေမယ့် သူ့အတွက် အရေးအကြီးဆုံးက ဘောလုံး ကစားနေတဲ့ အချိန်မှာ ပျော်ရွှင်ဖို့ပါပဲ။ ဒီဖြစ်ရပ်ကြောင့် စိတ်ဓာတ်ကျလို့ မဖြစ်ဘူး။ ဝမ်းနည်းနေလို့ မရသလို ဒေါသလည်း ထွက်စရာ မလိုပါဘူး” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။