MySport Myanmar

ဆီဗီးလားက ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းပဲလို့ ကြုံးဝါးလိုက်တဲ့ ရာကီတစ်

စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ရာကီတစ်က စီးရီးအေ နာမည်ကြီးကလပ် ရိုးမားနဲ့ ကစားရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူတို့ရဲ့ ဆီဗီးလားက ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းပဲလို့ ကြုံးဝါးသွားခဲ့ပါတယ်။

ရာကီတစ် ဦးဆောင်နေတဲ့ ဆီဗီးလားက ယခုနှစ် ဘောလုံးရာသီ အစမှာ ရှုံးပွဲတွေနဲ့ တောက်လျှောက် ကြုံခဲ့ရတာကြောင့် လာလီဂါပြိုင်ပွဲမှာ တန်းဆင်းဇုန်ထဲ အထိ ရောက်ရှိသွားပေမယ့် ဖေဖော်ဝါရီလ နောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူနိုင်ခဲ့တာကြောင့် တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါ့အပြင် ဆီဗီးလားက ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက်နဲ့ ဂျူဗင်တပ်တို့လို ဥရောပရဲ့ အင်အားကြီးအသင်းတွေကို အနိုင်ယူ ကျော်ဖြတ်ကာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲမှာတော့ ဆီဗီးလားက နာမည်ကြီးနည်းပြ မော်ရင်ဟို ဦးဆောင်နေတဲ့ ရိုးမားနဲ့ ရင်ဆိုင်ရတော့မှာပါ။

ဆီဗီးလားက ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်သလို မော်ရင်ဟိုရဲ့ ရိုးမားကလည်း ပြီးခဲ့တဲ့နှစ်ရဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံထားနိုင်တာကြောင့် နှစ်သင်းစလုံးက အစဉ်အလာ ကြီးမားတဲ့ အသင်းတွေ ဖြစ်ကြပြီး နှစ်သင်းကြားမှာ ခြေစွမ်းပိုင်းလည်း သိပ်မကွာခြားတာကြောင့် ဘယ်အသင်းက အနိုင်ရသွားမလဲ ဆိုတာဟာ အတော်လေး မှန်းဆရ ခက်နေပါတယ်။

Photo Credit: 90 Mins

ဆီဗီးလားရဲ့ အသင်းခေါင်းဆောင် ရာကီတစ်ကတော့ သူတို့အသင်းဟာ ယခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းအကောင်းဆုံးအသင်း ဖြစ်ပြီး သူတို့အသင်းက မနက်ဖြန်မှာလည်း ပြီးပြည့်စုံတဲ့ ခြေစွမ်းမျိုးကို ပြသကာ ချန်ပီယံဆုနဲ့ ထိုက်တန်ကြောင်းကို သက်သေပြသွားမယ်လို့ ဆိုလာပါတယ်။

ရာကီတစ်က – “ကျွန်တော်တို့က ဗိုလ်လုပွဲဆီ ထိုက်ထိုက်တန်တန် ရောက်ရှိလာခဲ့တာပါ။ ကျွန်တော်တို့က ရှုံးထွက်အဆင့်တွေမှာလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဘောလုံးအားကစားမှာ ဘယ်သူကမှ ခင်ဗျားကို ကူညီလို့ မရပါဘူး။ ကျွန်တော်တို့က ဗိုလ်လုပွဲနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့သလို ကျွန်တော်တို့က ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့က ချန်ပီယံ ဖြစ်ချင်ရင် နောက်ထပ် ၁ပွဲကို ထပ်ပြီး ဖြတ်ကျော်ရပါဦးမယ်။ မနက်ဖြန်မှာ ကစားရမယ့် ပွဲစဉ်မှာ ကျွန်တော်တို့က အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ဖို့ လိုပါမယ်။ ဒါမှသာ ကျွန်တော်တို့က ယူရိုပါလိဂ်ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မှာပါ။ ကျွန်တော်တို့က ချန်ပီယံဆုနဲ့ ထိုက်တန်ကြောင်းကို သက်သေပြသွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version