ဘာစီလိုနာအသင်းဆီကို နည်းပြသစ်ရော်နယ်ကိုးမန်း ရောက်ရှိလာပြီးနောက် သိပ်မကြာခင်မှာပဲ အသင်းကနေ ထွက်ခွာခဲ့ရသူကတော့ ခရိုအေးရှားကွင်းလယ်လူ အိုင်ဗန်ရာကီတစ်ပဲဖြစ်ပြီး သူရဲ့ယခင်က အသင်းဟောင်းဖြစ်ခဲ့တဲ့ ဆီဗီလာအသင်းဆီကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဘာစီလိုနာမှာ (၆)နှစ်လောက် ကျင်လည်ခဲ့ဖူးတဲ့ ရာကီတစ်ဟာ အသင်းရဲ့အဓိက ကစားသမားမဖြစ်ခဲ့ပေမယ့်လည်း သူပါဝင်ကစားခွင့်ရတိုင်းမှာ အသင်းအတွက် အမြဲတမ်းအကျိုးပြုနေကြ ကစားသမားတစ်ယောက်ဖြစ်သလို အသင်းနဲ့ ဆုဖလားအောင်မြင်မှုများစွာကိုလည်း ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ် ခရိုအေးရှားလက်ရွေးစင် ကွင်းလယ်ကစားသမား ရာကီတစ်ဟာ ဘာစီလိုနာအသင်းကို ၂၀၁၄-၂၀၁၅ ဘောလုံးရာသီကမှ ဆီဗီလာအသင်းကနေ (၅)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားတစ်လုံး အပါအဝင် စပိန်လာလီဂါဖလား(၄)လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရာကီတစ်ဟာ ဒီနှစ်ဘောလုံးရာသီ အသင်းမှာ နေရာရဖို့ မလွယ်ကူတော့တဲ့အတွက်ကြောင့် သူရဲ့အသင်းဟောင်း ဆီဗီလာအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၁.၅)သန်းနဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

Photo Credit : Barca Blaugranes

ရာကီတစ်က ဘာစီလိုနာအသင်းမှာ သူတွေ့ကြုံခဲ့ရတာတွေနဲ့ပတ်သက်ပြီး “ကျွန်တော်ဘက်ကနေ ပြောရမယ်ဆိုရင် ကျွန်တော် သူတို့တွေနဲ့တော့(မက်ဆီ ဆွာရက်ဇ်တို့ကို ဆိုလိုုတာဖြစ်ပါတယ်) အရင်းနှီးဆုံးမိတ်ဆွေတွေ မဖြစ်ခဲ့ပါဘူး။ ကစားသမားအယောက် (၂၃)ယောက် (၂၄)ယောက်ထဲကမှ ဒီလိုမျိုး အရင်းနှီးဆုံး မိတ်ဆွေအဖွဲ့တွေကို ရရှိဖို့အတွက်က မလွယ်ကူလောက်ဘူးလို့ပဲ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ရဲ့အရင်းနှီးဆုံး မိတ်ဆွေတွေကတော့ အင်နီယေစတာ တာစတီဂန် ပရင့်စ်ဘိုတန်နဲ့ ဂျူနီယာဖယ်လ်ပိုတို့ပါ။ ဒါပေမယ့် ကျွန်တော်ဘက်က အသင်းသားအားလုံးကို လေးစားပါတယ်။ သူတို့တွေက ကျွန်တော်နဲ့ (၆)နှစ်တာအတွင်းမှာ ကျွန်တော်ရဲ့အသင်းဖော်ဖြစ်ခဲ့သလို အသင်းအတွက်လည်း အရမ်းကို အရေးပါတဲ့ ကစားသမားတွေပါ။ သူတို့တွေဆီကနေ အကောင်းဆုံးတွေကို ကျွန်တော်ရရှိခဲ့ပြီးတော့ သူတို့ကိုလည်း အရမ်းကို လေးစားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ဖြစ်နေရချိန်တုန်းကဆို ကျွန်တော်တို့အားလုံးက အိမ်နီးနားချင်းတွေလိုပါ အတူတကွ ရှိခဲ့ပါသေးတယ်။ ဒီလို နှစ်ရှည်ကြီးအတွင်းမှာ ကျွန်တော့်ကို အခုလို နွေးနွေးထွေးထွေး ဆက်ဆံပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ရှိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။