ဆီဗီလာအသင်းရဲ့ ခရိုအေးရှား ဝါရင့် ကွင်းလယ်ကစားသမားကြီး အီဗန် ရာကီတစ်ကတော့ အခု ဆောင်းဈေးကွက်အတွင်းမှာပဲ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ရှာဘတ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ သဘောတူ လက်ခံလိုက်ပြီလို့ သိရပါတယ်။

အသက် (၃၅)နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ ဝါရင့် ကွင်းလယ်လူ ရာကီတစ်က ဆွစ်နွယ်ဖွား ခရိုအေးရှား ကစားသမားဖြစ်လို့ သူရဲ့ စီနီယာ ကစားသမားဘဝကိုလည်း ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းမှာ စတင်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ ကစားသမားဘဝကိုတော့ စပိန် လာလီဂါမှာသာ အများဆုံး ကျင်လည်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : FC Barcelona Noticias

၂၀၁၁ခုနှစ်ကတည်းက လာလီဂါပြိုင်ပွဲမှာ စတင် ကစားနေတဲ့ ရာကီတစ်က ဘာစီလိုနာ ဆီဗီလာအသင်းတွေနဲ့အတူ လာလီဂါမှာ ဆယ်စုနှစ်ခွဲလောက်အထိ ဖြတ်သန်းခဲ့ရင်း လက်ရှိမှာတော့ ရုတ်တရက် ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းဆီ ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။

အယ်လ်ရှာဘတ်အသင်းဟာ လာလီဂါ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကာရက်စ်ကို ကို ခေါ်ယူထားတဲ့ ဆော်ဒီကလပ်အသင်း တစ်သင်းဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာလည်း နယူးကာဆယ် တောင်ပံကစားသမား အယ်လ်မီရွန်ကိုပါ ခေါ်ယူဖို့အတွက် နယူးကာဆယ်နဲ့ သဘောတူညီမှုပါ ရရှိထားပါသေးတယ်။

Photo Credit : Transfermarket

အယ်လ်ရှာဘတ်က ဆော်ဒီထိပ်သီး ကလပ်တွေဖြစ်တဲ့ အယ်လ်ဟီလာ အယ်လ်နာဆာ အယ်လ်အစ်တီဟတ်တို့လို ကစားသမားအင်အား တောင့်တင်းလှတဲ့ အသင်းမျိုး မဟုတ်ပေမယ့် အခုဈေးကွက်မှာပဲ ဥရောပက ကစားသမားကောင်းတွေကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။

အခုဆိုရင်တော့ အယ်လ်ရှာဘတ်က အယ်လ်မီရွန်လို ထိပ်တန်း ကစားသမားတစ်ဦးကိုရော ရာကီတစ်လို ဥရောပ အတွေ့အကြုံရင့် ကစားသမားကြီးကိုပါ အသင်းဆီ ခေါ်ဆောင်သွားနိုင်တော့မှာဖြစ်ပြီး အသင်းရဲ့ ကစားသမားအင်အားလည်း အတော်အသင့်လောက် တောင့်တင်းသွားရဖွယ် ရှိနေပါတယ်။