ကမ္ဘာ့ထိပ်တန်း ကစားသမားတွေ ဖြစ်တဲ့ အီဘရာဟီမိုဗစ် ၊ ပေါ့ဘာ ၊ ဟာလန်း ၊ ဒီလစ် စတဲ့ ကစားသမားတွေရဲ့ အေးဂျင့် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ စူပါအေးဂျင့် မီနို ရိုင်းအိုလာဟာ ပြင်းထန်တဲ့ အဆုတ်ရောဂါကို ခံစားနေရတာကြောင့် အရေးပေါ် ကုသမှု ခံယူနေရကြောင်း သိရပါတယ်။

အသက် ၅၃နှစ် အရွယ် စူပါအေးဂျင့် ရိုင်းအိုလာဟာ ဘောလုံးလောကမှာ ငွေမက်သူ အဖြစ် တင်စားခံထားရတဲ့ အေးဂျင့်တဦး ဖြစ်ပြီး သူ့ရဲ့လက်အောက်မှာ ရှိနေတဲ့ ကစားသမားတွေဟာ ထိပ်တန်း ကစားသမားတွေ ဖြစ်သလို အသင်းတသင်းမှာ ကြာကြာ မနေတတ်ပဲ မကြာခဏဆိုသလို အသင်းပြောင်းလေ့ ရှိကြပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ရိုင်းအိုလာရဲ့ ကစားသမားတွေကို လိုချင်ရင် ပြဿနာ ဖြေရှင်းဖို့နဲ့ ငွေထုပ်ပိုက်ထားဖို့ လိုတယ် ဆိုတဲ့ စကားတခု ဘောလုံးလောကမှာ ပျံ့နှံ့နေပြီး ရိုင်းအိုလာ ကတော့ ဘယ်သူ ဘာပြောပြော သူ့ရဲ့ ကစားသမားတွေ အတွက် အကောင်းဆုံး ဆိုတဲ့ အရာတွေကိုပဲ လုပ်ဆောင်သွားမယ် လို့ ပြောလေ့ရှိပါတယ်။

လက်ရှိမှာတော့ ရိုင်းအိုလာဟာ ပြင်းထန်တဲ့ အဆုတ်ရောဂါ တခုကို ခံစားနေရကာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာလည်း အဆုတ်ကို ခွဲစိတ်မှု တခု ပြုလုပ်ခဲ့ရတယ်လို့ နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bildသတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Marca

Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုင်းအိုလာဟာ အဆုတ်အတွင်း ပိုးဝင်မှုကြောင့် အရေးပေါ် ကုသမှုတွေ ခံယူခဲ့ရသလို အဆုတ်ကို ခွဲစိတ်မှု တခုလည်း ပြုလုပ်ခဲ့ရပြီး ယခုအချိန်မှာတော့ ကျန်းမာရေး ပြန်လည် တည်ငြိမ်နေပြီ လို့ သိရပါတယ်။