ဥရောပ ဘောလုံးဈေးကွက်မှာ နာမည်ကြီးတဲ့ စူပါအေးဂျင့် ဖြစ်သူ ရိုင်းအိုလာ ကတော့ သူ့ရဲ့ ကိုယ်စားပြု ကစားသမား တဦး ဖြစ်သူ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပြီးသွားပြီ လို့ ယမန်နေ့ညမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာပဲ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး သုံးဦးထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ သူ့ရဲ့ လက်ရှိကလပ် ဒေါ့မွန်အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေသူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဆဲလ်ဘက်အသင်းနဲ့အတူ ဥရောပ ဘောလုံးစင်မြင့်ပေါ်မှာ စတင် တောက်ပခဲ့တဲ့ ဟာလန်းက ဒေါ့မွန်အသင်းထံ ရောက်ရှိချိန်မှာတော့ သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၇၆ပွဲ ပါဝင် ကစားပေးခဲ့ရာ ၇၄ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂၆ကြိမ် အထိလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ စာချုပ်ဖျက်သိမ်းကြေးအား ပေးချေကာ ဟာလန်းကို ခေါ်ယူချင်နေတဲ့ ဥရောပ ထိပ်သီးအသင်းတွေ အများအပြား ရှိနေပြီး အဆိုပါအသင်းတွေ အနက် ရီးရဲလ်မက်ဒရစ် ၊ ပီအက်စ်ဂျီ ၊ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ လီဗာပူးတို့က ဟာလန်းကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်းတွေ ဖြစ်နေကြပါတယ်။

Photo Credit: Marca

ဘောလုံးလောကမှာလည်း ဟာလန်းရဲ့ အသင်းသစ်ဟာ ဘယ်အသင်း ဖြစ်မလဲ ဆိုတာကို စိတ်ဝင်စားသူတွေ များပြားနေကြပြီး စူပါအေးဂျင့် တဦး ဖြစ်သူ ရိုင်းအိုလာ ကတော့ ဟာလန်းရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်ကြောင်းနဲ့ ဟာလန်းရဲ့ အပြောင်းအရွှေ့ဟာ နွေဈေးကွက် အပြောင်းအရွှေ့ကို ကိုင်လှုပ်နိုင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရိုင်းအိုလာက – “ကျွန်တော်တို့တွေ ဟာလန်းရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ၂နှစ်လုံးလုံး စဉ်းစားခဲ့ပါတယ်။ ဒါကြောင့် ဟာလန်းက ဘယ်အသင်းဆီ သွားသင့်လဲ ဆိုတာနဲ့ ပတ်သတ်ပြီး တိကျတဲ့ အဖြေတွေ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေ ကမ်းလှမ်းမှုတွေကို နားထောင်ဖို့လဲ စဉ်းစားထားပါတယ်။ တကယ်လို့ သူ့အတွက် ကမ်းလှမ်းမှုတိုင်းကိုသာ နားမထောင်ခဲ့ရင် ကျွန်တာ်က ဆိုးဝါးတဲ့ အေးဂျင့်တယောက် ဖြစ်နေမှာပေါ့ဗျာ။ ကျွန်တော်တို့က ဟာလန်းလို ကစားသမားမျိုးနဲ့ နွေဈေးကွက်ကို ကိုင်လှုပ်နိုင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။