အပြောင်းအရွှေ့စျေးကွက်ထဲ ရောက်မနေချိန်မှာတောင်မှ အနာဂတ် အခြေအနေနဲ့ပတ်သက်ပြီး အမြဲလိုလို လှုပ်ခတ်နေတတ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ အခုလည်း သူရဲ့အနာဂတ်ကို အမြဲဆွပေးတတ်တဲ့ အေးဂျင့်မီနိုရွိုင်အိုလာကြောင့် ပြန်လည်လှုပ်ခတ်လာခဲ့ရပြန်ပါတယ်။ ရွိုင်အိုလာက သူရဲ့ကစားသမား ပေါ့ဘာကို ယူနိုက်တက်နဲ့ သက်တမ်းတိုးဖို့ထက် ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက်ကိုသာ တိုက်တွန်းမှုတွေ လုပ်ဆောင်နေတယ်လို့ စပိန်မီဒီယာတစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Tribuna

ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ယူနိုက်တက်ဘက်ကတော့ ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်သွားဖို့် ဆန္ဒမရှိပဲ သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့် ကစားသမားဘက်က အလိုရှိနေတဲ့ လစာကိစ္စပိုင်းမှာ ဆက်လက်ညှိနှိုင်းနေရဆဲ ဖြစ်တာကြောင့် စာချုပ်ကိစ္စက ကြန့်ကြာနေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနနဲ့ ရင်ဆိုင်နေရတဲ့ ပေါ့ဘာကို သူရဲ့အေးဂျင့်ဖြစ်သူက အသင်းနဲ့ စာချုပ်ပြည့်ချိန်မှာ လာလီဂါ ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အကြံပေးထားပြီး ရီးယဲလ်ကိုလည်း ပေါ့ဘာ အလိုရှိနေတဲ့ လစာပမာဏတိုင်းနဲ့ ကမ်းလှမ်းသွားဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

Photo Credit : talkSPORT

ရီးယဲလ်မက်ဒရစ်အသင်းဟာ ပေါ့ဘာကို ကာလအတန်ကြာအထိ ပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာ ရန်းစ်အသင်းရဲ့ ပြင်သစ်လူငယ် ကွင်းလယ်လူလေး ကာမာဗင်ဂါကို ခေါ်ယူအားဖြည့်ထားတာဖြစ်လို့ ပေါ့ဘာကိုပါ ထပ်မံခေါ်ယူပါ့မလားဆိုတာက စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပေါ့ဘာကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ရီးယဲလ်လည်း ပါဝင်နေသေးသလို ရီးယဲလ်ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာနဲ့ ပြင်သစ်လီဂူးရဲ့ အင်အားအကြီးမားဆုံး ကလပ်အသင်း ပီအက်စ်ဂျီတို့ကလည်း ပေါ့ဘာကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။ ပေါ့ဘာက လက်ရှိမှာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အဓိက ကစားသမားတစ်ဦးအဖြစ် ပွဲစဉ်များစွာ ပါဝင်ကစားထားရသလို ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုကို လိဂ်ပြိုင်ပွဲတစ်ခုုလုံးရဲ့ စံချိန်သစ် တင်နိုင်တဲ့အထိကို စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ထားနိုင်တဲ့ ပေါ့ဘာကို ယူနိုက်တက်အသင်းက လက်မလွတ်ခံချင်ပဲ သက်တမ်းတိုးဖို့ကိုသာ ဆက်တိုက်လုပ်ဆောင်လျက် ရှိနေပြီး ကစားသမားကိုယ်တိုင်ကတော့ အေးဂျင့်ရဲ့လက်ချက်ကြောင့် လစာကိုသာ ပိုမိုတောင်းဆိုချင်နေသလို သူအလိုရှိတဲ့ လစာအတိုင်း မကမ်းလှမ်းလာရင်လာည်း အသင်းပြောင်းဖို့ကိုပဲ ဦးတည်လာဖွယ် ရှိနေပါတယ်။