နာမည်ကျော် စူပါအေးဂျင့် တဦး ဖြစ်သူ ရိုင်းအိုလာ ကတော့ သူ့ရဲ့ ကစားသမား တဦး ဖြစ်သူ ဒီလစ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖို့ အဆင့်သင့်ပဲလို့ တရားဝင် ထုတ်ဖော် ပြောကြားကာ ဒီလစ်နဲ့ ဂျူဗင်တပ်အသင်းတို့ ကြားမှာ ဆက်ဆံရေး အဆင်မပြေတော့အောင် စတင် လုပ်ဆောင်သွားခဲ့ပါတယ်။

ဒီလစ် ၊ ဟာလန်း ၊ ပေါ့ဘာ ၊ အီဘရာဟီမိုဗစ်တို့လို နာမည်ကျော် ကစားသမားတွေရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာဟာ အေးဂျင့်ခ မြောက်မြားစွာ တောင်းခံလေ့ ရှိသလို သူ့ရဲ့ ကစားသမားတွေကို မကြာခဏ အသင်းပြောင်းအောင် လုပ်ဆောင်လေ့ ရှိတာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အေးဂျင့် တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Express

ဒါပေမယ့် ရိုင်းအိုလာကတော့ သူ့အပေါ် ဝေဖန်မှုတွေကို ဂရုစိုက်ခြင်း မရှိပဲ သူ့ရဲ့ ကစားသမားတွေကို မကြာခဏ ဆိုသလို အသင်းပြောင်းအောင် စည်းရုံးလေ့ ရှိသလို သက်ဆိုင်ရာ အသင်းတွေရဲ့ ခွင့်ပြုချက်တွေ မရပဲ ကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေကိုလည်း သူ့သဘောနဲ့သူ ထုတ်ပြောလေ့ ရှိပါတယ်။

လက်ရှိမှာလည်း ရိုင်းအိုလာက သူ့ရဲ့ ကစားသမား တဦး ဖြစ်သူ ဒီလစ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပြီး ရိုင်းအိုလာရဲ့ မဆင်မခြင် ထုတ်ပြောမှုကြောင့်ပဲ ဂျူဗင်တပ်အသင်းနဲ့ ဒီလစ်တို့ရဲ့ ကြားမှာ ဆက်ဆံရေး မကျေလည်မှုတွေ စတင် ဖြစ်ပေါ်နေပါတယ်။

Photo Credit: Express

ရိုင်းအိုလာက – “ဒီလစ်က ကစားသမားဘဝရဲ့ နောက်တဆင့်ကို တက်လှမ်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သူကလည်း အဲ့ဒီလိုပဲ ထင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေ မကြာခဏ ဆိုသလို ဒီလစ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ပြောထားတာကြောင့် သူ့အတွက် နောက်တဆင့် ဆိုတာက ဘယ်လိုအသင်းမျိုးလဲ ဆိုတာ ခင်ဗျားတို့ အားလုံးလည်း သိကြမှာပါ။ သူက ဘာစီလိုနာအသင်းဆီ ရောက်နိုင်သလို ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ် ပီအက်စ်ဂျီအသင်းဆီ ရောက်နိုင်ပါတယ်။ ဘာတွေဖြစ်လာမလဲ ဆိုတာကို လာမယ့် နွေရာသီမှာ စောင့်ကြည့်ကြပေါ့ဗျာ” လို့ ပြောကြားသွားခဲ့တာပါ။

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဒီလစ်ဟာ ၂၀၁၉ခုနှစ်ကမှ အေဂျက်အသင်း ကနေ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးကာ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် ပေးချေရနိုင်ပါတယ်။