ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဖြစ်သူ ဟာလန်းရဲ့ အကျိုးဆောင် အေးဂျင့်ဖြစ်တဲ့ ရိုင်းအိုလာကတော့ သူ့ကစားသမားရဲ့ တန်ကြေးဟာ မြင့်မားပေမယ့် စပိန်လာလီဂါ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ရဲ့ ကစားသမားကို ခေါ်ယူနိုင်စွမ်း ရှိကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ နော်ဝေလက်ရွေးစင် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ဟာလန်းဟာ အသက် ၂၀အရွယ်သာ ရှိသေးပေမယ့် လက်ရှိ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၅ဦးထဲက တဦးအဖြစ် သတ်မှတ်ခံထားရပြီး အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်တဲ့ ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Mail

ဟာလန်းဟာ ဩစတီးယားကလပ် ဆဲလ်ဘက်အသင်းနဲ့အတူ လူငယ် ကြယ်ပွင့်တဦး အဖြစ် စတင် နာမည်ကြီး လာတဲ့ ကစားသမားတဦး ဖြစ်ပြီး ဆဲလ်ဘက်အသင်းကနေ ဒေါ့မွန်အသင်းထံ ရောက်ရှိခဲ့ပြီးနောက်မှာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်လာသူပါ။ လက်ရှိ ဘောလုံးရာသီမှာလည်း ဟာလန်းဟာ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၃၇ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၁ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားမယ့် အသင်းတွေ အများအပြား ရှိနေပြီး ဒေါ့မွန်အသင်းကတော့ ဟာလန်းကို လက်မလွှတ်လိုကြောင်း ပြောကြားထားပါတယ်။

Photo Credit: Mail

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ဟာလန်းကို လက်မလွှတ်လိုပေမယ့် ဟာလန်းနဲ့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ရိုင်းအိုလာတို့ရဲ့ ဖိအားပေးမှုကြောင့် ဟာလန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လက်လွှတ်ရဖွယ်ရှိကာ ဟာလန်းအတွက် ဒေါ့မွန်အသင်းဟာ အနိမ့်ဆုံး ပေါင် ၁၂၅သန်းခန့် လိုချင်နေကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ဟာလန်းကို ခေါ်ယူဖို့ စပိန်အခြေစိုက် အသင်းနှစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က ရေပန်းစားနေပေမယ့် စပိန်အခြေစိုက် သတင်းဌာန တခုဖြစ်တဲ့ AS သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ရိုင်းအိုလာက ဟာလန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းဆီ ရောက်ရှိနိုင်ကြောင်း အတည်ပြု ပြောကြားသွားပါတယ်။ ရိုင်းအိုလာက – “ရီးရဲလ်မက်ဒရစ် အသင်းဟာ ဟာလန်းကို ခေါ်ယူနိုင်စွမ်းရှိတဲ့ အသင်းပါ” လို့ ပြောကြားခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။