မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ အင်္ဂလန်တောင်ပံကြယ်ပွင့် ဂျက်ဂရီးလစ်ရှ် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူအားဖြည့်ခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ရာဟင်စတာလင်ရဲ့ အနာဂတ် အခြေအနေက လှုပ်ခတ်လာရပြီး အသင်းနဲ့ ကလတွဲဖြုတ်ရဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် မန်စီးတီးအသင်းဘက်ကတော့ စတာလင်ကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းချင်နေသလို စာချုပ်သက်တမ်းပါ တိုးမြှင့်သွားဖို့ လုပ်ဆောင်သွားမယ်လို့ သိရှိရပါတယ်။

Photo Credit : Manchester City Fans in the World

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား စတာလင်ဟာ လီဗာပူးလ်အသင်းကနေ မန်စီးတီးကို ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် နည်းပြပတ်ဂွာဒီယိုလာလက်အောက်မှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီနှောင်းပိုင်းမှာတော့ ပွဲထွက်ကစားခွင့်တွေ နည်းပါးခဲ့တာကြောင့်ရော လက်ရှိမှာ မန်စီးတီးအသင်းဘက်က ဂရီးလစ်ရှ်ကိုပါ ဗီလာအသင်းကနေ ခေါ်ယူထားခဲ့တဲ့အတွက် စတာလင်ရဲ့ မန်စီးတီးကစားသမားဘဝ အနာဂတ်အခြေအနေက မတည်မငြိမ် ဖြစ်လို့လာခဲ့ရပါတယ်။

Photo Credit : VNExpolrer

ဒီလို အနာဂတ် မရေမရာ ဖြစ်လာခဲ့တဲ့ စတာလင်ကို ရီးယဲလ်မက်ဒရစ်အသင်းကနေ စောင့်ကြည့်လျက်ရှိနေတဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပေမယ့် ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ စတာလင်ကို အသင်းကနေ လုံးဝရောင်းထုတ်မသွားချင်ပဲ လာမယ့် ၂၀၂၃ခုနှစ်မှာပဲ သက်တမ်းကုန်ဆုံးတော့မယ့် စတာလင်ရဲ့ စာချုပ်သက်တမ်းကိုပါ တိုးမြှင့်ချင်နေတယ်လို့ ဗြိတိန်ရဲ့ ခိုင်မာလှတဲ့ သတင်းမီဒီယာ The Athletic ကနေ ဖော်ပြလာပါတယ်။ စတာလင်ဟာ မန်စီးတီးအသင်းနဲ့အတူ ဘောလုံးရာသီ (၆)ရာသီအထိကို ဖြတ်သန်းခဲ့ဖူးသူဖြစ်ပြီး အဲ့ဒီ (၆)ရာသီအတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး စုစုပေါင်း (၁၁၄)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို အသင်းနဲ့လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃)ကြိမ် အက်အေဖလား (၁)ကြိမ် လိဂ်ဖလား (၄)ကြိမ်် ကွန်မြူနတီဒိုင်း (၁)ကြိမ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဒုတိယနေရာကို (၁)ကြိမ်စီ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ အသင်းမှာ ဆုဖလားအောင်မြင်မှုတွေ တစ်ဦးချင်း အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့တဲ့ စတာလင်ကို မန်စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းကနေ လက်မလွတ်သွားချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေသလို (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကိုပါ ချုပ်ဆိုသွားချင်နေတယ်လို့ သိရပါတယ်။