MySport Myanmar

ရာဟင်စတာလင်ကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ ချယ်လ်ဆီး

ဒီနှစ်နွေဈေးကွက်ထဲမှာ ကစားသမားသစ် ဖြည့်တင်းမှုတွေ မပြုလုပ်နိုင်သေးတဲ့ ချယ်လ်ဆီးအသင်းဟာ မကြာခင်မှာတော့ ပရီးမီးယားလိဂ် ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ရာဟင်စတာလင်ကို စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက စတာလင်ကို မန်ချက်စတာစီးတီးအသင်းကနေ ခေါ်ယူဖို့အတွက် အလုံးစုံ သဘောတူညီမှုတွေ ရယူနိုင်ခဲ့တာကြောင့် မကြာခင်မှာပဲ လန်ဒန်သားလေး စတာလင်ကို လန်ဒန်ရဲ့ အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Sporting News

မနှစ်ကမှ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူကို သူ့အသင်းဟောင်း အင်တာမီလန်အသင်းဆီ ပြန်လည်အငှားချပြီး နောက်ပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ အသင်းတိုက်စစ်ပိုင်းအတွက် စတာလင်ကို စတင်ပစ်မှတ်ထားလာခဲ့ပါတယ်။ အာလင်းဟော်လန်းနဲ့ ယူလီယန်အဲလ်ဗာရက်ဇ်တို့လို တိုက်စစ်ကစားသမားတွေ မန်စီးတီးကို ရောက်ရှိလာချိန်မှာ စီးတီးနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ စတာလင်က အသင်းနဲ့ သက်တမ်းထပ်တိုးဖို့ထက် အသင်းနဲ့ လမ်းခွဲပြီး သူ့ကို အလိုရှိနေတဲ့ သောမတ်စ်တူဟယ်လ်ရဲ့ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Chelsea News

လီဗာပူးလ်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ စတာလင်ဟာ လီဗာပူးလ်နဲ့ (၃)နှစ်တာ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ သူရဲ့ ပြောင်မြောက်လှတဲ့ ခြေစွမ်းပိုင်းတွေကို သဘောကျနေတဲ့ မန်စီးတီးအသင်းက စတာလင်ကို ၂၀၁၅ခုနှစ်မှာပဲ ပေါင်(၄၄)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ စတာလင်ဟာ မန်စီးတီးမှာတော့ ပတ်ဂွာဒီယိုလာလက်အောက် ခြေစွမ်းပိုင်းတွေ တိုးတတ်ကောင်းမွန်လာခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာဆိုရင် အသင်းအတွက် တစ်ရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုး (၃၁)ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ဘောလုံးရာသီတွေမှာ စတာလင်ရဲ့ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းလာခဲ့ရပြီး ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်လာခဲ့ရပေမယ့်လည်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ဖို့ ကြိုးပမ်းကစားခဲ့ပါတယ်။ လက်ရှိမှာတော့ စတာလင်ဟာ (၇)ရာသီအထိ ကျင်လည်ခဲ့တဲ့ မန်စီးတီးနဲ့ လက်တွဲဖြုတ်ပြီး ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းတော့မှာဖြစ်ကာ ၂၀၂၀၇ခုနှစ်အထိ စာချုပ်ချုပ်ဆိုမှာ ဖြစ်သလို အပိုတစ်နှစ် ထပ်တိုးခွင့်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ စတာလင်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်း+အပိုဆုကြေး ပေါင်(၁၀)သန်းကို မန်စီးတီးအသင်းဆီ ပေးချေရမှာဖြစ်ပြီး မန်စီးတီးဘက်က နောက်ဆုံးအတည်ပြုချက်ကိုလည်း ရရှိနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Exit mobile version