ပြီးခဲ့တဲ့သောကြာနေ့တုန်းကပဲ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကနေပြီး မန်စီးတီးအသင်းကို FFP လို့ခေါ်တဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်တယ်ဆိုတဲ့ပြစ်ချက်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ ပါဝင်ယှဉ်ပြိုင်ကစားခွင့်ကနေ နှစ်ရာသီဆက်တိုက် ပိတ်ပင်တားမြစ်လိုက်ကြောင်း အမိန့်ချမှတ်လိုက်ပြီးနောက်မှာ နည်းပြပတ်ဂွာဒီယိုလာအပါအဝင် အသင်းရဲ့အဓိက ကစားသမားများစွာကလည်း အသင်းမှာ ဆက်လက်ရှိနေဖို့ မသေချာတော့ပဲ အသင်းကနေ စွန့်ခွာကြဖွယ်ရှိနေကြသလို ဒီထဲကမှ အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ရာဟင်စတာလင်းကိုလည်း ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : The Sun

ချန်ပီယံလိဂ်ပြိုင်ပွဲ ပိတ်ပင်ခံရပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲဲ့ အပြောင်းအရွှေ့သတင်းတွေ ပေါ်ထွက်လာခဲ့တဲ့ မန်စီးတီးတောင်ပံကစားသမား စတာလင်းဟာ မကြာသေးခင်ကမှ ထွက်ပေါ်လာခဲ့တဲ့ ကမ္ဘာကျော် စပိန်သတင်းစာ AS ရဲ့မျက်နှာဖုံးပေါ်မှာ ရီးရဲလ်အသင်းရဲ့အိမ်ကွင်းဝတ်စုံနဲ့ ဓါတ်ပုံရိုက်ကူးထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီမျက်နှာဖုံးဓါတ်ပုံထဲမှာ အင်္ဂလန်လက်ရွေးစင် ကစားသမားက သူရဲ့ပခုံးနှစ်ဖက်ပေါ်မှာ သူရဲ့လက်ရှိအသင်း မန်စီးတီးရဲ့ဂျာစီနဲ့ သူတို့အသင်းနဲ့ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားရတော့မယ့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဂျာစီတို့ကိုပါတင်ပြီး ဓါတ်ပုံရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Photo Credit : The Sun

ဒီလို ဓါတ်ပုံရိုက်ကူးပြီးနောက် AS နဲ့ အင်တာဗျူးအစီအစဉ်အတွင်းမှာ စတာလင်းက “အခုအချိန်မှာ ကျွန်တော်က မန်စီးတီးအသင်းရဲ့ ကစားသမားတစ်ယောက် ဖြစ်နေသေးပြီးတော့ မန်စီးတီးမှာလည်း ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် ကျွန်တော် ရီးရဲလ်မက်ဒရစ်ကို တကယ့်အလန်းစား အသင်းတစ်သင်းလို့ ပြောချင်ပါတယ်။ သင့်အနေနဲ့ အဲ့ဒီအကျီအဖြူရောင်ကို ကိုင်ထားချိန်မှာ ဒီအသင်းက ဘာအတွက် ရပ်တည်နေတာလဲဆိုတာကိုပါ ခံစားနားလည်လာရပါတယ်။ ဒါပေမယ့် ကျွန်တော်က အခု မန်စီးတီးအသင်းနဲဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပြီး ဒါကိုတော့ လေးစားရပါမယ်။ ဒါပေမယ့် ရီးရဲလ်ကတော့ တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပါ။ အနာဂတ်ကို ဘယ်သူကမှ ကြိုမမြင်နိုင်ဘူးလေ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ရီးရဲလ်အသင်းက စတာလင်းကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း၁၈၀နဲ့ ကမ်းလှမ်းဖွယ်ရှိလို့နေပါတယ်။