မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရာဟင်စတာလင်နဲ့ လက်ရှိမှာ အခြေအနေ အရပ်ရပ် ထိုးကျလျက်ရှိနေတဲ့ ဘာစီလိုနာအသင်းတို့ကြား အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခြင်းအပေါ် ဘောလုံးပရိ်သတ်တွေ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပေမယ့် အခုလည်း စပိန်ကနေ ထွက်ရှိလာတဲ့ သတင်းအရစ်အမြစ်တစ်ခုအရ စတာလင်ဟာ သူရဲ့အပြောင်းအရွှေ့ကိစ္စအတွက် ဘာစီလိုနာအသင်းနဲ့ လျှို့ဝှက်စွာ တွေ့ဆုံခဲ့တယ်လို့ သိရှိလာရပါတယ်။

Photo Credit : The Mirror

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား စတာလင်ဟာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေပေမယ့် ဒီနှစ်ဘောလုံးရာသီအတွင်း စပါးအသင်း ဆောက်သမ်တန်အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားခဲ့ရပြီး နောက်ပိုင်းပွဲစဉ်တွေမှာတော့ အရန်ကစားသမားအဖြစ်နဲ့သာ တောက်လျှောက်ပါဝင်နေရပါတယ်။ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကလည်း အသင်းရဲ့ တောင်ပံတွေမှာ လိဂ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဂျက်ဂရီးလစ်ရှ်နဲ့ ဖိုဒန် မာရက်ဇ်တို့အပြင် တိုက်စစ်ကစားသမား ဂျေဇူးကိူပါ နေရာပိုပေးနေတာဖြစ်လို့ စတာလင်ရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Bein Sports

ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတဲ့ စတာလင်ကို ဘာစီလိုနာအသင်းဘက်က အလိုရှိလာခဲ့ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပိုမိုအားကောင်းလာစေဖို့အတွက် စတာလင်ကို ဇန်နဝါရီလကနေ ဒီနှစ်ဘောလုံးရာသီကုန်ချိန်ထိ အငှားနဲ့ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းလို ဘဏ္ဍာရေး ပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ကလပ်အသင်းမျိုးက စတာလင်လို တစ်ပတ်လုပ်ခ ပေါင်(၂)သိန်း ရရှိနေတဲ့ ကစားသမားမျိုးကို ခေါ်ယူဖို့က ခက်ခဲနိုင်ပေမယ့်လည်း အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူနဲ့ မန်ချက်စတာမြို့ထဲမှာ တွေ့ဆုံခဲ့ပြီး အပြောင်းအရွှေ့တွေ ကိစ္စတွေ ဆွေးနွေးခဲ့တဲ့အကြောင်းကို စပိန်သတင်းမီဒီယာ Sport ကနေ ဖော်ပြလာပါတယ်။ ဘာစီလိုနာအသင်းဟာ နွေစျေးကွက်အတွင်းက မက်ဆီ ဂရီးဇ်မန်းတို့လို အသင်းရဲ့ ထိပ်တန်းကစားသမားတွေကို ဆုံးရှုံးထားရပြီး ဒီပိုင်း အဂွဲရိုး ဒီဂျောင်တို့လို တိုက်စစ်ကစားသမားတွေ ပြန်လည်ခေါ်ယူထားပေမယ့် ဒီဂျောင်က အသင်းနဲ့ အံ့မဝင် အဂွဲရိုးက ဒဏ်ရာကနေ မသက်သာ ဒီပိုင်းက ခြေမမှန်တာကြောင့် လာမယ့် ဆောင်းစျေးကွက်အတွင်းမှာ စတာလင်လို တိုက်စစ်ကစားသမားကောင်းမျိုးကို အငှားနဲ့ ခေါ်ယူသွားဖို့ မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စတာလင်ကို အာဆင်နယ်အသင်းကပါ ပစ်မှတ်ထားနေတယ်ဆိုပြီး သတင်းတွေပါ ထွက်ပေါ်လို့ နေပါတယ်။