မန်စီးတီးအသင်းရဲ့ တောင်ပံ ကစားသမား နဲ့ ကွင်းလယ် ကစားသမား စတာလင်ကတော့ ဘောလုံး ကစားသမားတွေထဲမှာ သူ တကယ် လိုချင်တဲ့ ဘောလုံး ကစားသမားရဲ့ အင်္ကျီက ဘာစီလိုနာ တိုက်စစ်မှူး လီယွန် မက်ဆီရဲ့ အင်္ကျီ ဖြစ်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်ပါတယ်။ စတာလင်ဟာ သူ့ရဲ့ ကစားသမား ဘဝတစ်လျှောက်မှာ လက်ရှိအချိန်အထိ အသင်း (၂) သင်း အတွက်သာ ကစားထားပြီး လီဗာပူးလ်အသင်းမှာ ဘောလုံး ကစားသမားဘဝကို စတင်ပြီးနောက် လွန်ခဲ့တဲ့ (၂၀၁၅) ခုနှစ်မှာ လီဗာပူးလ်အသင်းကနေ မန်စီးတီးအသင်းကို ပြောင်းလာခဲ့ပါတယ်။

Photo Credit: Goal

အင်္ဂလန် လက်ရွေးစင် ကစားသမား စတာလင်ကတော့ မန်စီးတီးအသင်းအတွက် ကစားတာ (၅) နှစ်ကြာ ရှိလာခဲ့ပြီ ဖြစ်ပြီး မန်စီးတီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဆုဖလား (၂) ကြိမ်၊ အက်ဖ်အေဖလား (၁) ကြိမ်၊ အီအက်ဖ်အယ်လ် ဖလား (၂) ကြိမ် နဲ့ ကွန်မြူနတီဒိုင်ဖလား (၁) ကြိမ် ရရှိနိုင်ခဲ့ပါတယ်။ သူဟာ BBC Radio 5 Live သတင်းနဲ့ အမေးအဖြေ ပြုလုပ်သွားခဲ့တဲ့ အချိန်မှာ သူ တကယ်ကို လိုချင်တဲ့ ဘောလုံးကစားသမားရဲ့ အင်္ကျီကတော့ မက်ဆီရဲ့ အင်္ကျီ ဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ အချိန်မှာ နေမာရဲ့ အင်္ကျီကို တောင်းခဲ့ဖူးတယ်လို့လည်း ပြောပြသွားခဲ့ပါတယ်။

Photo Credit: Goal

BBC Radio 5 Live သတင်းမှာ စတာလင်က “ကျွန်တော်က ကစားသမားတွေရဲ့ အင်္ကျီတွေကို လိုက်သိမ်းတဲ့သူပါ။ ဒါပေမဲ့ အခုအချိန်အထိ ကျွန်တော့်အိမ်ရဲ့ နံရံမှာ ဘယ်ကစာသးမားရဲ့ အင်္ကျီကိုမှ မကပ်ထားပါဘူး။ လူတွေက ကျွန်တော့်ရဲ့ အိမ်ကို လာပြီး ကျွန်တော် ဘောလုံး ကစားသမား ဖြစ်တာကို သိမှာ ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော့်ကတော့ ကျွန်တော့်ရဲ့ အိမ်ကို မိသားစု ပုံစံပဲ ဖြစ်နေတာ သဘောကျပါတယ်။ ဒါပေမဲ့လည်း သေချာတာကတော့ ကျွန်တော် ဘောလုံး ကစားပြီးရင် တစ်နေရာရာမှာ အခြေချနေထိုင်ပြီးရင် ကျွန်တော် ကစားသမားတွေရဲ့ အင်္ကျီတွေကို လိုက်စုမှာပါ။ ရွေးချယ်စရာ အင်္ကျီတွေ အရမ်း များမယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် ပြိုင်ဘက်အဖြစ် ကစားတဲ့ ကစားသမားတွေရဲ့ အင်္ကျီကို ရွေးချယ်နိုင်ပြီး ဖလားအခန်း နဲ့ အင်္ကျီ အခန်း လုပ်နိုင်တယ်။ ကျွန်တော် တကယ် လိုချင်တဲ့ အင်္ကျီရှိပြီး အဲဒီအင်္ကျီကတော့ မက်ဆီရဲ့ အင်္ကျီပါပဲ။ ဘာစီလိုနာနဲ့ ကစားခဲ့တုန်းကတော့ နေမာရဲ့ အင်္ကျီကို ရရှိခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။