ပြီးခဲ့တဲ့ Weekend တုန်းက ယှဉ်ပြိုင်သွားခဲ့တဲ့ ဝက်ဘရွန်းအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာ ပြိုင်ဘက်ဝက်ဘရွန်းရဲ့ထိုးဖောက်မှုတွေကို အလွယ်တကူ ခွင့်ပြုခဲ့ရပြီး သွင်းဂိုး(၃)ဂိုးကိုပါ ခွင့်ပြုခဲ့ရတဲ့ အသင်းရဲ့ခံစစ်ပိုင်းအတွင်းက ဘယ်နောက်ခံကစားသမား မားကို့စ်အလွန်ဆိုကို နည်းပြလမ်းပတ်က ဒုတိယပိုင်းအစမှာပဲ အက်စ်ပီလီကွယ်တာနဲ့ လူစားလဲခဲ့တဲ့အပြင် အဝတ်လဲခန်းအတွင်းမှာလည်း ဒေါသတကြီးနဲ့ အော်ဟစ်ဆက်ဆံခဲ့တယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : JOE.co.uk

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်နောက်ခံအစွန်လူ အလွန်ဆိုဟာ ဝက်ဘရွန်းနဲ့ပွဲစဉ်အတွင်းမှာ ခံစစ်ကစားပုံ အမှားအယွင်းတချို့ ရှိခဲ့တဲ့အပေါ် နည်းပြလမ်းပတ်က စိတ်ပျက်နေခဲ့တာကြောင့် ပထမပိုင်းအပြီးမှာပဲ သူ့ကိုလူစားလဲခဲ့ပြီး ချယ်လ်ဆီးအသင်းသားတွေအရှေ့မှာလည်း အော်ငေါက်ခဲ့ကာ အသင်းရဲ့ဒုတိယပိုင်း ပွဲကစားချိန်တွေကိုလည်း အသင်းဘတ်စ်ကားပေါ်ကနေ ကြည့်ရှုစေခိုင်းခဲ့တယ်လို့ The Athletic သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီဖော်ပြချက်အရဆိုရင်တော့ လမ်းပတ်ဟာ နွေစျေးကွက်မပိတ်ခင်မှာပဲ အလွန်ဆိုကို အသင်းကနေ ရောင်းချသွားဖို့ သေချာသလောက်ကို ရှိလာခဲ့ပါတယ်။

Photo Credit : Daily Express

The Athletic ရဲ့ဆက်လက်ဖော်ပြချက်များအရ ချယ်လ်ဆီးအသင်းသားတချို့ကပါ နည်းပြလမ်းပတ်ရဲ့ဒေါသတကြီး အော်ဟစ်ပြောဆိုတွေကို အံ့အားသင့်ခဲ့ကြရပြီး ဒီလိုနည်းပြမျိုးကို သူတို့တွေတစ်ခါမှ မဆုံခဲ့ဖူးဘူးလို့ပါ ပြောဆိုခဲ့ကြသလို ဒီလိုဆူငေါက်မှုနဲ့ ကြုံတွေ့ထားခဲ့ရတဲ့ အလွန်ဆိုအနေနဲ့ အသင်းမှာပဲ ဆက်လက်ရှိနေဦးမယ်ဆိုရင် သူတို့တွေ အရမ်းကို အံ့သြမိမှာဖြစ်ကြောင်းကိုပါ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ The Athletic ဘက်ကနေ ဒီလိုတွေ ထုတ်ပြန်ထားခဲ့ပေမယ့်လည်း အလွန်ဆိုအနေနဲ့ ပထမပိုင်းအပြီးမှာ သူ့ကိုလူစားလဲတော့မယ်ဆိုတာကို လမ်းပတ်က အသိပေးခဲ့လို့ ရေချိုးသန့်စင်ပြီးနောက် အသင်းရဲ့ဘတ်စ်ကားထဲကနေပဲ အသင်းရဲ့ ပွဲချိန်အနည်းငယ်ကို ကြည့်ရှခဲ့တာဖြစ်နိုင်တယ်လို့လည်း The Sun သတင်းစာကနေ ပြန်လည်ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အလွန်ဆိုဟာ ဒုတိယပိုင်းပွဲချိန် ပြန်လည်စတင်ပြီးနောက် (၁၅)မိနစ်လောက်အကြာမှသာ ကွင်းအတွင်းကို ဝင်လာခဲ့တာဖြစ်ပြီး ပွဲကြည့်စင်ကနေ လာရောက်ကြည့်ရှုခဲ့တာဖြစ်လို့ ဖြစ်ရိုးဖြစ်စဉ်ကိစ္စထက် ထူးခြားနေတာတော့ သေချာနေပြီး ချယ်လ်ဆီးဘက်ကလည်း သူတို့ရဲ့ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဘန်ချီဝဲလ်ကို ခေါ်ယူထားနိုင်ပြီဖြစ်လို့ အလွန်ကို နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ လက်လွတ်သွားနိုင်ဖွယ် ရှိလို့နေပါတယ်။