ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်း လိဒ်စ်အသင်းက​နေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ ရာဖင်ညာက သူ့အနေနဲ့ ဘာစီလိုနာကို မပြောင်းခင် ချယ်လ်ဆီးအပါအဝင် ကလပ်အသင်းများစွာရဲ့  ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် သူရဲ့လက်ရွေးစင် အသင်းဖော် နေမာနဲ့ စကားပြောဆိုပြီးနောက် ဘာစီလိုနာကိုသာ ရွေးချယ်ဖြစ်ခဲ့ကြောင်း ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီနွေမှာ ကစားသမားသစ် ခေါ်ယူမှုတွေအတွက် ငွေကြေးသုံးစွဲများစွာ လုပ်ဆောင်ထားတဲ့ ချယ်လ်ဆီးအသင်းက စတာလင် အူဘာမီယန်းတို့လို တိုက်စစ်ကစားသမားတွေ မခေါ်ယူခင်က လိဒ်စ်ကြယ်ပွင့် ရာဖင်ညာကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အသက်(၂၅)နှစ်အရွယ် ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ညာက ချယ်လ်ဆီး အပါအဝင် သူ့ကို စိတ်ဝင်စားနေတဲ့ အာဆင်နယ် စပါးအသင်းတွေထက် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ ဆုံးဖြတ်ခဲ့လိုက်ပြီး ဒီဆုံးဖြတ်ချက်က ဘာစီလိုနာ ကစားသမားဟောင်း နေမာရဲ့ အကြံပေးမှုတွေလည်း ပါဝင်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

Photo Credit : The Sun

ရာဖင်ညာက “ကျွန်တော်နဲ့ နေမာ အသင်းအပြောင်းအရွှေ့အကြောင်း ပြောခဲ့ကြပြီး သူက ကျွန်တော် ဘာစီလိုနာကိုသာ ပြောင်းရွှေ့လာမယ်ဆိုရင် နောင်တရမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ သူပြောတာ တကယ်မှန်ပါတယ်။ ကျွန်တော်ကလည်း ဘာစီလိုနာအသင်းရဲ့ ဂျာစီကို ဝတ်ဆင်ဖို့အတွက် ချယ်လ်ဆီးကို ငြင်းပယ်ခဲ့တာပါ” လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ တကယ်တော့ ရာဖင်ညာဟာ ငယ်စဥ်ကတည်းက ဘာစီလိုနာရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ရော်နယ်ဒင်ဟိုရဲ့ အမာခံ ပရိတ်သတ်တစ်ဦး ဖြစ်ခဲ့တဲ့အပြင် ရာဖင်ညာဖခင်ကိုယ်တိုင် ရော်နယ်ဒင်ဟိုနဲ့ ရင်းနှီးကျွမ်းဝင်သူလည်း ဖြစ်နေတာကြောင့် သူ့ကို ကမ်းလှမ်းလာခဲ့တဲ့ အသင်းတွေထဲကမှ ဘာစီလိုနာကိုပဲ ရွေးချယ်ခဲ့ရတာ ဖြစ်နိုင်ပြီး ရာဖင်ညာက နောက်ထပ် ဘာစီလိုနာ ကစားသမားဟောင်း နေမာနဲ့ကလည်း မိတ်ဆွေ သူငယ်ချင်းလို ပေါင်းသင်းနေတာဖြစ်လို့ နေမာရဲ့တိုက်တွန်းချက်အရ ဘာစီလိုနာကိုသာ ရွေးချယ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ လက်ရှိမှာတော့ ရာဖင်ညာဟာ ဘာစီလိုနာအတွက် လာလီဂါပြိုင်ပွဲအတွင်း တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။