အဲဗာတန်အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့ရတဲ့ စပိန်ဝါရင့်နည်းပြကြီး ရာဖေးလ်ဘင်နီတက်ဇ်ဟာ သူရဲ့ကလပ်အသင်းအတွက် နွေရာသီ အပြောင်းအရွေ့စျေးကွက်အတွင်း ကစားသမားအင်အား ဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ ပြင်ဆင်လျက်ရှိနေရာ လတ်တလောမှာတော့ သူနဲ့ နာပိုလီအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နောက်ခံကစားသမား ကူလီဘလီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ 90Min ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၀)အရွှယ်ရှိ ဆီနီဂေါလက်ရွေးစင် နောက်ခံကစားသမား ကူလီဘလီနဲ့ စပိန်လူမျိုး နည်းပြဘင်နီတက်ဇ်တို့နှစ်ယောက်ဟာ နာပိုလီအသင်းမှာ အတူတကွ လက်တွဲခဲ့ဖူးသူတွေဖြစ်တဲ့အပြင် ဘင်နီတက်ဇ်ကိုယ်တိုင် ကူလီဘလီကို ဂျန့်အသင်းကနေ နာပိုလီအသင်းဆီ ခေါ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ဘင်နီတက်ဇ်နဲ့ ကူလီဘလီတို့ဟာ နာပိုလီအသင်းမှာ (၂)နှစ်နီးပါးလောက် တွဲဖက်ခဲ့သူတွေဖြစ်ပြီး အခု ဘင်နီတက်ဇ်က အဲဗာတန်အသင်းနည်းပြသစ် ဖြစ်လာချိန်မှာပါ ကူလီဘလီနဲ့ ထပ်မံလက်တွဲချင်နေတဲ့အတွက် အဲဗာတန်အသင်းဆီ ခေါ်ဆောင်ချင်နေတာဖြစ်ပါတယ်။

Photo Credit : 90Min

လက်ရှိမှာ အဲဗာတန်အသင်းရဲ့ ကိုလံဘီယာနောက်ခံလူ ယယ်ရီမီနာက အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတာကြောင့် နွေစျေးကွက်အတွင်းမှာသာ မီနာက အသင်းကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် သူရဲ့နေရာအတွက် ကူလီဘလီနဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။ ထိပ်တန်းနောက်ခံလူတစ်ယောက်ဖြစ်တဲ့ ကူလီဘလီဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက ပြောင်းရွေ့ကြေး ပေါင်သန်း(၁၀၀)လောက်အထိ သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ဥရောပထိပ်တန်း ကလပ်အသင်းများစွာရဲ့ ပစ်မှတ်လည်း ဖြစ်ခဲ့ရပေမယ့် လက်ရှိမှာ နာပိုလီအသင်းနဲ့ (၂)နှစ်သက်တမ်းသာ ကျန်ရှိနေတော့သလို သူရဲ့တန်ကြေးဟာလည်း ပေါင်(၃၅)သန်းဝန်းကျင်လောက်သာ ရှိနေပါတော့တယ်။ ဒီလို အခြေအနေ ရှိလာခဲ့တဲ့ ကူလီဘလီကို သူရဲ့ဆရာသမာဟောင်း ဘင်နီတက်ဇ်က အဲဗာတန်အသင်းဆီ ခေါ်ဆောင်ချင်နေပေမယ့်လည်း ကစားသမားရဲ့ လစာမြင့်မားမှု နာပိုလီဥက္ကဌနဲ့ နာပိုလီအသင်းနည်းပြ စပယ်လက်တီတို့က ကူလီဘလီလို အသင်းရဲ့ ကြယ်ပွင့်ကစားသမားကို လက်မလွတ်ချင်မှုတွေကြောင့် အပြောင်းအရွေ့က ဖြစ်နိုင်ခြေတော့ နည်းနေရပါတယ်။