အာဖရိကတိုက်ရဲ့ အင်အားကြီး နိုင်ငံအသင်းတွေထဲက တသင်း ဖြစ်တဲ့ အီဂျစ်လက်ရွေးစင် အသင်းရဲ့ နည်းပြဖြစ်သူ ကားလို့စ် ကွီရော့ဇ် ကတော့ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေပြီလို့ အမွှန်းတင် ချီးကျူးသွားခဲ့ပါတယ်။
အသက် ၂၉နှစ် အရွယ် အီဂျစ်လက်ရွေးစင် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ ကစားသမားဘဝ အမြင့်မားဆုံး ခြေစွမ်းကို ပိုင်ဆိုင်နေတဲ့ ကစားသမား တဦး ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။
Photo Credit: Mirror
ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ အာဖရိကဖလား ပြိုင်ပွဲဝင် အီဂျစ်အသင်းရဲ့ အဓိက လက်နက်ဟာ မိုဟာမက် ဆာလာ ဖြစ်ကြောင်း ဘောလုံးရေးရာ သုံးသပ်သူတွေက တညီတညွတ်ထဲ လက်ခံထားကြပြီး အီဂျစ်အသင်းရဲ့ နည်းပြဖြစ်သူ ကွီရော့ဇ်ကလည်း ဆာလာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။
Photo Credit: Mirror
ကွီရော့ဇ်က – “ကျွန်တော် ဒီစကားကို ပြောရင် ခင်ဗျားတို့လည်း လက်ခံကြမယ်လို့ ထင်ပါတယ်။ ဆာလာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ဒါကြောင့် ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံး ကစားသမားကို ပိုင်ဆိုင်ခွင့် ရထားတယ်လို့ ပြောနိုင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။