ယခု ယှဉ်ပြိုင် ကစားနေဆဲ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးနေတဲ့ ကာတာနိုင်ငံရဲ့ လက်ရွေးစင်အသင်း ဖြစ်တဲ့ ကာတာအသင်းဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆီနီဂေါနဲ့ အုပ်စု ဒုတိယပွဲစဉ်မှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် အုပ်စုအဆင့်ကနေပဲ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

ကာတာက အုပ်စုအဖွင့်ပွဲ အဖြစ် အီကွေဒေါနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရတာကြောင့် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ အုပ်စု ဒုတိယပွဲ ဖြစ်တဲ့ ဆီနီဂေါနဲ့ ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ရလဒ် ရအောင် ကစားဖို့ လိုအပ်ခဲ့ပေမယ့် ကစားသမား အင်အားပိုင်း ကွာခြားချက်ကြောင့် အုပ်စု ဒုတိယပွဲမှာလည်း ဆီနီဂေါကပဲ ကာတာကို အနိုင်ရသွားခဲ့ပါတယ်။

Photo Credit: Sports Max

ကာတာ ၁-၃ ဆီနီဂေါ ပွဲစဉ်မှာ ဆီနီဂေါက နာမည်ကြီး ကစားသမား အများအပြားကို ပွဲထုတ်ကာ ကစားခဲ့ပြီး အိမ်ရှင် ကာတာကတော့ ပရိသတ်အားနဲ့ ဆီနီဂေါကို ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။ အဆိုပါပွဲမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပေမယ့် အာဖရိကချန်ပီယံ ဆီနီဂေါရဲ့ ကစားသမားတွေက ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာကြောင့် ဆီနီဂေါက အဖိုးတန် နိုင်ပွဲ တပွဲကို ရရှိခဲ့တာ ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲမှာ ရင်ဆိုင် ယှဉ်ပြိုင်ရမယ့် အီကွေဒေါနဲ့ ပွဲမှာသာ ဆီနီဂေါက အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ရင် ဆီနီဂေါဟာ နောက်တဆင့်ဆီ တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: Sports Max

တဖက်မှာတော့ ကာတာက အုပ်စုပွဲ ၂ပွဲ ကစားအပြီးမှာ ၂ပွဲစလုံးကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေပဲ ပြုတ်ခဲ့ရပြီး ကာတာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခဲ့တဲ့ သမိုင်းတလျှောက် အုပ်စုပွဲ ၂ပွဲ အပြီးမှာပဲ ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရတဲ့ ပထမဦးဆုံး အိမ်ရှင်အသင်း ဆိုတဲ့ မှတ်တမ်းဆိုးကြီးကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကာတာက ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အိမ်ရှင်အသင်း ဖြစ်တဲ့ တောင်အာဖရိက ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာပဲ ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရတဲ့ ဒုတိယမြောက် အိမ်ရှင်အသင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသေးတယ်။