ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ တောင်ပံကစားသမား တဦး ဖြစ်သူ ပူလီဆစ်က သူတို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းစားတာမျိုး မရှိပေမယ့် ခက်ခဲတဲ့ အခြေအနေတွေမှာ ချန်ပီယံလိဂ် ဆုဖလားကို အရယူခဲ့ဖူးတာကြောင့် သူတို့အသင်းကို အထင်မသေးဖို့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံနေတဲ့ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ဒီနှစ် ဘောလုံးရာသီမှာ နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့တာကြောင့် ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေပြီး သူတို့အသင်းရဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်တာကြောင့်ပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဥရောပဝင်ခွင့် ရဖို့တောင် ရုန်းကန်နေရပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ချယ်လ်ဆီးက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်း ရှုံးထွက်အဆင့်မှာတော့ ဘွန်ဒက်လီဂါမှာ ပုံစံကောင်း တခု ရနေတဲ့ ဒေါ့မွန်ကို နှစ်ကျော့ပေါင်းရလဒ် ၂-၁နဲ့ အနိုင် ရရှိကာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပြီး ချယ်လ်ဆီးဟာ ကွာတားဖိုင်နယ်မှာတော့ လီဗာပူးကို အနိုင်ယူလာတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ကွာတားဖိုင်နယ်ပွဲတွေကို လာမယ့် ၄လပိုင်း အတွင်းမှာ ကျင်းပဖို့ စီစဉ်ထားပြီး ဘောလုံးရေးရာ သုံးသပ်သူတွေကတော့ ရီးရဲလ်မက်ဒရစ်ဟာ ချယ်လ်ဆီးကို အလွယ်တကူ နိုင်လိမ့်မယ်လို့ သုံးသပ်ထားကြပေမယ့် ချယ်လ်ဆီးရဲ့ တောင်ပံကစားသမား ဖြစ်သူ ပူလီဆစ်ကတော့ သူတို့အသင်းကို အထင်မသေးကြဖို့ သတိပေးသွားခဲ့ပါတယ်။

Photo Credit: Mirror

ပူလီဆစ်က – “ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းမှ မတွေ့ချင်တဲ့ အသင်းပါလို့ ပြောချင်ပါတယ်။ ကျွန်တော်က အဲ့ဒီစကားကို ရဲရဲကြီး ပြောရဲပါတယ်။ ကျွန်တော်တို့တွေ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးအကြိမ် ရခဲ့တုန်းကလည်း ဒီလို အခြေအနေမျိုးမှာပါပဲ။ (ဗိုလ်စွဲဖို့ ရေပန်းမစားတာကို ရည်ရွယ်လျက်) ကျွန်တော်တို့တွေက ရာသီဝက်လောက် အထိ လိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရဖို့ ရုန်းကန်ခဲ့ရတယ်။ ပြီးတော့ လူအများစုက ကျွန်တော်တို့တွေကို ပြိုင်ပွဲကနေ ထွက်ခွာရမယ့် အသင်းစာရင်းထဲ ထည့်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာလုပ်နိုင်ခဲ့လဲ ဆိုတာကို ခင်ဗျားတို့တွေ တွေ့ခဲ့ကြမှာပါ။ ကျွန်တော်တို့ အတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ဟာ လွယ်ကူတဲ့ ရက်သတ္တပတ်တွေ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ ရလဒ်ဆိုးတွေကို ပြောင်းပြန်လှန်နိုင်ခဲ့လို့ အသင်းအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့က အခုချိန်မှာ ၃ပွဲဆက် နိုင်ထားပြီးပါပြီ။ ကျွန်တော် အပါအဝင် အကုန်လုံးလည်း ယုံကြည်မှုတွေ ပြန်တက်လာကြပါပြီ။ ဘောလုံးလောက ဆိုတာ ဒါပါပဲ။ လက်တဖျောက် အတွင်း အရာအားလုံး ပြောင်းလဲသွားနိုင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။