ချယ်လ်ဆီးအသင်းရဲ့တောင်ပံကစားသမား ခရစ္စတီယန်ပူလီဆစ်ကတော့ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ လန်ဒန်ဒါဘီ အက်အေဖလားဖိုင်နယ်ပွဲစဉ်အတွင်းမှာ ရရှိသွားခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ဒီနေ့ညမှာ ကစားရဖို့ရှိနေတဲ့ ဘိုင်ယန်အသင်းနဲ့ ချန်ပီယံလိဂ် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်သလို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအစပိုင်း ပရီးမီးယားလိဂ်ပွဲတချို့ကိုပါ လွဲချော်ရနိုင်တယ်လို့ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကနေ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၁)နှစ်အရွှယ်ရှိ အမေရိကန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ပူလီဆစ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် အထူးခြေစွမ်းပြထားနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဟာဇက်ရဲ့ကွက်လပ်ကိုတောင် ဖြည့်တင်းနိုင်မယ့်သူလို့တောင် သတ်မှတ်ခံထားရတဲ့အထိ တောက်ပနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ပူလီဆစ်ဟာ အသင်းအတွက် အရမ်းကို အရေးပါလှတဲ့ အက်အေဖလားဖိုင်နယ်ပွဲရဲ့ ဒုတိယပိုင်းအစလောက်မှာပဲ တံကောက်ကြောဒဏ်ရာရသွားခဲ့တာကြောင့် အနည်းဆုံး(၆)ပတ်လောက်အထိ အနားယူသွားရတော့မှာဖြစ်ပါတယ်။

Photo Credit : Daily Mail

လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့်စက်တင်ဘာလ (၁၂)ရက်နေ့မှာ ပြန်လည်စတင်သွားမှာဖြစ်ပြီး ပူလီဆစ်အနေနဲ့ (၆)ပတ်လောက်အထိ အနားယူရမှာဖြစ်လို့ ရာသီအစပွဲတွေအထိကို လွဲချော်ရဖွယ် ရှိနေတာဖြစ်ပါတယ်။ ပူလီဆစ်ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ဖရန့်လမ်းပတ်က “ပူလီဆစ်နဲ့ ရာသီအစပွဲတွေကို အတူဖြတ်သန်းနိုင်ဖို့က ခက်ခဲနိုင်လိမ့်မယ်။ သူက ဒဏ်ရာကြောင့် (၆)ပတ်လောက်အထိကို အနားယူရနိုင်တော့ သချာင်္နည်းအရ တွက်ချင်ကြည့်မယ်ဆိုရင် ရာသီအစပိုင်းလောက်နဲ့ နီးကပ်နေပါတယ်။ ဒါပေမယ့် ဒဏ်ရာကနေ အလျင်အမြန်သက်သာလာနိုင်ဖို့အတွက် ဆေးကုသမှုတွေ သေချာလေး လုပ်ဆောင်သွားမှာပါ။ ဒေါ့မွန်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ၂၀၁၉ ဇန်နဝါရီလမှ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ပူလီဆစ်ဟာ အသင်းရဲ့အဓိက ကစားသမားတစ်ယောက်အဖြစ် အချိန်တိုလေးအတွင်းမှာ သတ်မှတ်ခံခဲ့ရပြီး သူရဲ့အတိုးအလှုပ်တွေ ဖြတ်တင်ဘောတွေနဲ့ ဂိုးသွင်းယူနိုင်မှုတွေကြောင့် ဟာဇက်နေရာအတွက် အပြည့်အဝ အစားထိုးနိုင်လိုက်ပြီလို့ ချယ်လ်ဆီးပရိသတ်တွေက ယုံကြည်လျက်ရှိနေကြပါတယ်။ ပူလီဆစ်ဟာ သူရဲ့ချယ်လ်ဆီးကစားသမားဘဝအစ ပထမဆုံးရာသီမှာ ပြိုင်ပွဲစုံ(၃၄)ပွဲကစားခဲ့ပြီး (၁၁)ဂိုးသွင်းယူကာ (၁၀)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။