ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ပူလီဆစ်ကတော့ ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဟာ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာသာ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အမေရိကန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်ဟာ ဒေါ့မွန်အသင်း ကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာပြီးထဲက အသင်းရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာဆိုရင် အထောင် တိုက်စစ်မှူး အဖြစ်ပါ ကစားနေရသူပါ။

Photo Credit: Football 365

တဖက်မှာတော့ အသက် ၂၉နှစ် အရွယ် အီဂျစ်လက်ရွေးစင် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရပြီး လီဗာပူးအသင်း အတွက် ၁၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁၅ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ် အထိ ပြုလုပ်ထားနိုင်သူပါ။

ဒါကြောင့်လည်း ဆာလာဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ကမ္ဘာ့အကောင်းဆုံးဆုကို ရရှိမယ့် ကစားသမား အဖြစ် ရေပန်းစားနေသလို ဥရောပ ရွှေဖိနပ်ဆု အတွက် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီး ၊ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်တို့နဲ့ အပြိုင် ဖြစ်နေသူပါ။

Photo Credit: Football 365

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေရတဲ့ ပူလီဆစ်ကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရိုနယ်ဒို ၊ ကန်တေ ၊ ဂျော်ဂျင်ဟိုတို့လိုမျိုး ထိပ်တန်း ကစားသမားတွေ များစွာ ရှိနေပေမယ့် ယခုနှစ်မှာ ဆာလာကသာ ခြွင်းချက်မရှိ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ပူလီဆစ်က- “ခင်ဗျားတို့က ကျွန်တော့်ရဲ့ အသင်းကို ကြည့်လိုက်မယ် ဆိုရင် တဦးချင်း စွမ်းဆောင်ရည် အရမ်းကောင်းတဲ့ ကစားသမားတွေကို မြင်ရပါလိမ့်မယ်။ ဥပမာ ပြောရရင် ကန်တေ ၊ ဂျော်ဂျင်ဟိုတို့ပေါ့။ ဒါပေမယ့် ဒီရာသီရဲ့ အကောင်းဆုံး ကစားသမားကို ပြောရမယ် ဆိုရင် ဆာလာရဲ့ စွမ်းဆောင်ရည်ကို မေ့ပစ်ထားဖို့ အရမ်းကို ခက်ပါလိမ့်မယ်။ သူ့ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို အံ့ဩဘနန်းပါပဲ” လို့ ချီးကျူးခဲ့တာပါ။