ဒီနေ့ည (၁၁)နာရီအချိန်မှာ ယှဉ်ပြိုင်ကစားသွားကြမယ့် ဘရန့်ဖိုဒ့်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘိီ ပရီးမီးယားလိဂ်ပွဲစဉ်ကို ချယ်လ်ဆီးအသင်းဘက်က အဓိက တိုက်စစ်ကစားသမားဖြစ်သူ လူကာကူ ပြန်လည်ပါဝင်လာနိုင်မှာ ဖြစ်ပေမယ့်လည်း အသင်းရဲ့ အမေရိကန် တောင်ပံကစားသမားလေး ခရစ္စတီယန်ပူလီဆစ်ကတော့ ဆက်လက်လွဲချော်သွားမှာ ဖြစ်သလို အခြား ကစားသမားတချို့လည်း ဒီပွဲကို ပါဝင်နိုင်မှာ မဟုတ်ကြောင်း ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ သူရဲ့လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာရက်သတ္တပတ်အတွင်း UEFA Nations League ပွဲစဉ်ကို ဝင်ရောက်ဆင်နွဲခဲ့ရာ အသေးစား ဒဏ်ရာရရှိသွားခဲ့လို့ အသင်းရဲ့ တတိယလုပွဲကုုိပင် ဆက်လက်မကစားနိုင်တော့ပဲ ချယ်လ်ဆီးအသင်းဆီ ပြန်သွားခဲ့ရပေမယ့် လက်ရှိမှာတော့ သူရဲ့အခြေအနေက အကောင်းဆုံး အနေအထားကို ရောက်ရှိ်နေပြီလို့ နည်းပြတူဟယ်လ်က ပြောဆိုလာခဲ့ပါတယ်။ ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေများနဲ့ ပတ်သက်ပြီး တူဟယ်လ်က “သီယာဂိုက ဒီနေ့ခင်းမှာပဲ ဘရာဇီးလ်ကနေ ပြန်လာတော့မှာပါ။ အစစအရာရာ အဆင်ပြေပြေနဲ့ ပြန်လာနိုင်ဖို့ကိုပဲ ကျွန်တော် မျှော်လင့်ထားတယ်”

Photo Credit : Goal

“ပြီးရင်တော့ ဘရန့်ဖိုဒ့်နဲ့ပွဲအကြောင်းကို စကားပြောရမယ်။ ဒီနေ့က အသင်းမှာ နည်းဗျူဟာ လေ့ကျင့်ရေး အစီအစဉ်တစ်ခု ရှိနေတယ်။ သူက ဒါကိုတော့ လွဲချော်ထားရတယ်။ သူက ဘရာဇီးလ်အတွက် မိနစ်(၉၀)ပြည့် ကစားထားတယ်။ အဲ့ဒီကနေ ဒီအထိကို (၁၂)နာရီ ခရီးနှင်ထားရတယ်ဆိုတော့ ဘရန့်ဖိုဒ့်ပွဲကို သူပါဝင်ကစားနိုင်ပါ့မလားဆိုတာ သူ့အပေါ်မှာပဲ မူတည်နေတယ်။ ရူဒီဂါကတော့ နိုင်ငံပွဲစဉ်ကနေ ပြန်အလာမှာ ဒဏ်ရာရလာခဲ့တယ်။ ပူလီဆစ်ကလည်း ဒဏ်ရာရနေဆဲပါပဲ။ ဟာကင်ဇီယာ့ဇ်ကတော့ ခေါင်းကိုက်နေတဲ့ ဝေဒနာကြောင့် နောက်ဆုံး လေ့ကျင့်ခန်း(၂)ကြိမ်ဆက်တိုက် ပျက်ထားရတဲ့အတွက် စနေပွဲကို လွဲချော်ရဖို့သာ များနေရတယ်။ ရိုမယ်လ်လူ(လူကာကူ)ကတော့ အဆင်ပြေနေပါပြီ။ လေ့ကျင့်မှုတွေကိုလည်း အားလုံးလုပ်ဆောင်ထားပြီးပြီဆိုတော့ စနေပွဲအတွက်က အဆင်ပြေပြေ ပါဝင်ကစားနိုင်လောက်ပြီ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ တူဟယ်လ်ရဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၁)နေရာကို ရောက်ရှိိနေတာဖြစ်ပြီး ဒီနေ့ သူတို့ ရင်ဆိုင်ရမယ့် တန်းတတ်ဘရန့်ဖိုဒ့်အသင်းက ရှုံးပွဲ(၁)ပွဲတည်းသာ ရှိနေတာဖြစ်လို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။