MySport Myanmar

ဆာလာ နေရာမှာ အစားထိုးဖို့ ချိန်ရွယ်ထားတဲ့ ကစားသမားထဲမှာ ပူလီဆစ်ပါ ပါဝင်လာ

လီဗာပူးလ်အသင်းက အသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး မိုဟာမက် ဆာလာရဲ့နေရာမှာ ရေရှည် အစားထိုးဖို့အတွက် ချိန်ရွယ်ထားတဲ့ ကစားသမားတွေထဲမှာ အေစီမီလန် တောင်ပံကစားသမား ခရစ္စတီယန် ပူလီဆစ်ပါ ပါဝင်လာတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၂)အရွယ် ရှိနေပြီဖြစ်တဲ့ အီဂျစ် လက်ရွေးစင် ညာတောင်ပံ တိုက်စစ်ကစားသမား ဆာလာဟာ ဒီနှစ် ဘောလုံးရာသီအပြီးမှာ လီဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးသွားတော့မှာ ဖြစ်သလို ဆာလာကိုယ်တိုင်ကလည်း မန်ယူနိုက်တက်နဲ့ ပွဲအပြီးမှာ ဒီရာသီက သူရဲ့နောက်ဆုံးရာသီဆိုတဲ့ စကားမျိုးပါ ပြောဆိုခဲ့ပါတယ်။

Photo Credit : beIN SPORTS

လက်ရှိမှာတော့ လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်မှာ လူးဝစ် ဒီးယက်ဇ် ၊ ကိုဒီ ဂက်ပို ၊ ဆာလာတို့အပြင် နွေကမှ ခေါ်ယူထားတဲ့ ဖက်ဒရစ်ကို ခီယေဆာလည်း ရှိလို့နေပေမယ့် ဆာလာလို အသင်းရဲ့ အားအထားရဆုံး ကစားသမားသာ လက်လွတ်လိုက်ရမယ်ဆိုရင် နောက်ထပ် winger တစ်ဦးကို မဖြစ်မနေ ဖြည့်တင်းရပါမယ်။

အဲ့ဒီအတွက်လည်း လီဗာပူးလ်က တောင်ပံကစားသမား အများအပြားကို ချိန်ရွယ်ထားလျက် ရှိနေပြီး အခု ထွက်ပေါ်လာတဲ့ သတင်းတွေအရ အမေရိကန် တောင်ပံကစားသမား ပူလီဆစ်ပါ ပါဝင်နေတယ်လို့ သိရှိရပါတယ်။ ဒေါ့မွန်နဲ့ ချယ်လ်ဆီး ကစားသမားဟောင်း ပူလီဆစ်ဟာ လက်ရှိမှာတော့ မီလန်အသင်းနဲ့ စီးရီးအေမှာ ကစားသမားဘဝကို ဖြတ်သန်းလို့နေပြီး မီလန်ရဲ့ အဓိက ကစားသမားအဖြစ်ပါ ရပ်တည်နေပါတယ်။

Photo Credit : Football365

အသက် (၂၆)နှစ်အရွယ် ညာတောင်ပံကစားသမား ပူလီဆစ်ဟာ လက်ရှိ ဘောလုံးရာသီမှာ မီလန်အတွက် (၆)ပွဲကစား (၄)ဂိုးသွင်း (၂)ဂိုးဖန်တီးပေးထားနိုင်ပြီး လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ် league phase အဖွင့်ပွဲစဉ်မှာပါ ဗွေဆော်ဦးကိုပါ သွင်းယူထားနိုင်ခဲ့ပါတယ်။

ညာတောင်ပံနဲ့ ဘယ်တောင်ပံတွေအပြင် ကွင်းလယ်တိုက်စစ်နေရာအထိ လိုက်ပါကစားနိုင်တဲ့ ပူလီဆစ်ဟာ ချယ်လ်ဆီးနဲ့လည်း ပရီးမီးယားလိဂ်မှာ ပွဲပေါင်း (၉၈)ပွဲအထိ ကစားထားနိုင်ခဲ့ပြီး ဂိုး(၂၀)အထိပါ သွင်းယူနိုင်ခဲ့ပါတယ်။ ပူလီဆန်ရဲ့ လက်ရှိတန်ကြေးက ယူရို သန်း(၄၀)ဝန်းကျင်လောက် ရှိနေမှာဖြစ်ပြီး လီဗာပူးလ် ချိန်ရွယ်နေတဲ့ winger options တွေထဲမှာ တန်ကြေးအသက်သာဆုံးနဲ့ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။

Exit mobile version