ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးတဲ့နောက်မှာ အသင်းလက်မဲ့ဖြစ်လို့နေတဲ့ ဂျာမန်လက်ရွေးစင်ဟောင်း ကွင်းလယ်တိုက်စစ်ကစားသမား မာရီယိုဂေါ့ဇီဟာ နွေစျေးကွက်အတွင်းမှာ သူရဲ့အသင်းဟောင်းဖြစ်ခဲ့ဖူးတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း တကယ်တမ်းတော့ အပြောင်းအရွှေ့မဖြစ်ခဲ့ပဲ အခုမှသာ နာမည်ကျော် နယ်သာလန်ကလပ်အသင်းဖြစ်တဲ့ PSV အိုင့်ဟိုဗင်အသင်းဆီကိုပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : PSV

အသက်(၂၈)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင်ဟောင်း ကွင်းလယ်တိုက်စစ်ကစားသမား ဂေါ့ဇီဟာ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့လို ဘွန်ဒစ်လီဂါ ထိပ်သီးအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး ဒဏ်ရာပြသာနာတွေကြောင့် ခြေစွမ်းပိုင်းတွေ တဖြည်းဖြည်းကျဆင်းလာခဲ့တာကြောင့် သူ့ကိုဒေါ့မွန်အသင်းဘက်ကနေ စာချုပ်သက်တမ်းတောင် မတိုးတော့ပဲနဲ့ အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်တာဖြစ်ပါတယ်။ အခုတော့ ဂေါ့ဇီဟာ ဥရောပအတွေ့အကြုံရှိ အသင်းကောင်းတစ်သင်းဖြစ်တဲ့ PSV အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

Photo Credit : PSV

PSV အသင်းကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ဂေါ့ဇီက “ကျွန်တော် ဒီနွေစျေးကွက်အတွင်းမှာ အသင်းများစွာရဲ့ ကမ်းလှမ်းမှုတွေကို အများကြီးရရှိခဲ့ပါတယ်။ ကျွန်တော်က အနာဂတ်နဲ့ပတ်သက်ပြီး ကိုယ်တိုင်ဆုံးဖြတ်ချက်ချရတာကိုပဲ သဘောကျနှစ်သက်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ကွဲပြားခြားနားတဲ့ စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်သွားဖို့ ယုံကြည်မှုအပြည့်ရှိနေပါတယ်။ ဒီအသင်းမှာလည်း ကျွန်တော်အဆင်ပြေနိုင်မယ်ဆိုတာကိုလည်း ယုံကြည်နေပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဂေါ့ဇီဟာ ဂျာမန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၄ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ဆိုပေမယ့်လည်း ဒဏ်ရာပြသာနာဆိုးတွေကြောင့် ပြီးခဲ့တဲ့ရာသီကလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၂၁)လေးသာ ပါဝင်ခဲ့ရပြီး ခြေစွမ်းပြဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့်လဲ ဂေါ့ဇီကို အသင်းအများစုက စိတ်ဝင်စားခဲ့ကြပေမယ့် သူရဲ့ဒဏ်ရာအနေအထားတွေကြောင့် ခေါ်ယူဖို့ သံသယဝင်နေခဲ့ကြရတာဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်ကိုယ်တိုင်လည်း ဂေါ့ဇီနဲ့ စကားပြောဆိုခဲ့သေးလို့ အပြောင်းအရွှေ့ကောလဟာလတွေ ထွက်ပေါ်ခဲ့ပေမယ့် ဖလစ်ကိုယ်တိုင်က ဒီသတင်းတွေကို ငြင်းဆန်ပယ်ချသွားခဲ့သလို တကယ်လည်း ခေါ်ယူခဲ့ခြင်း မရှိခဲ့ပါဘူး။ ဂေါ့ဇီရဲ့အသင်းသစ် ဖြစ်လာခဲ့တဲ့ PSV အသင်းကတော့ ဒီရာသီမှာ ယူရိုပါလိဂ်အုပ်စုအဆင့်ထိ ရောက်ရှိထားပြီး နယ်သာလန်လိဂ်ရဲ့ အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရရာကို ရောက်ရှိလို့နေပါတယ်။