နယ်သာလန် ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဗွီရဲ့ ဒါရိုက်တာ မာဆယ်လ် ဘရန်းက သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပို အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ်သာ ရလာရင် လာမယ့် ဆောင်းဈေးကွက်မှာတင် ဂတ်ပိုကို ရောင်းချဖွယ် ရှိကြောင်း ဝန်ခံစကား ပြောကြားသွားပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဂတ်ပိုက ပီအက်စ်ဗွီရဲ့ အကယ်ဒမီထွက် လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ပီအက်စ်ဗွီရဲ့ တိုက်စစ်ကို အဓိက ထမ်းပိုးခဲ့သူ ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ပီအက်စ်ဗွီ အတွက် ပြိုင်ပွဲစုံမှာ ၁၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၉ကြိမ် အထိ ရရှိထားပါတယ်။

 

 

Photo Credit: Mirror

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ နာမည်ကြီးကလပ်တွေက ဂတ်ပိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဂတ်ပိုကလည်း သူ့ရဲ့ ကစားသမား ဘဝ အတွက် ပီအက်စ်ဗွီကနေ ထွက်ခွာကာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။

ဂတ်ပိုက ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ အတွင်းမှာလည်း ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ရဲ့ နွေအသုံးစရိတ် အားလုံးကို အေဂျက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီအား ခေါ်ယူရာမှာ သုံးလိုက်ရတာကြောင့် ဂတ်ပိုကို မခေါ်ယူဖြစ်ခဲ့တာပါ။

 

Photo Credit: Mirror

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဇန်နဝါရီဈေးကွက် အတွင်းမှာ ဂတ်ပိုကို ထပ်မံ ခေါ်ယူဖို့ ကြိုးစားလာနိုင်ချေတွေ ရှိနေပြီး ပီအက်စ်ဗွီ ဒါရိုက်တာ ဘရန်းကတော့ သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးသာ ရမယ် ဆိုရင် ဂတ်ပိုကို ရောင်းချဖို့ အဆင်သင့် ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဘရန်းက – “ကျွန်တော် အခုချိန်မှာ ပြောနိုင်တာကတော့ ဂတ်ပိုနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ရဲ့ ဘုတ်အဖွဲ့ဆီ ၊ စီမံခန့်ခွဲမှုအဖွဲ့ဆီ ဘယ်လို ကမ်းလှမ်းချက်မျိုးမှ ရောက်မလာသေးပါဘူး။ ကျွန်တော်တို့က ဒီစကားကို ပြောဖူးပေမယ့် နောက်တခါ ထပ်ပြောပါမယ်။ ဂတ်ပိုအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု ရလာရင် ကျွန်တော်တို့က သူ့ကို ရောင်းချသွားမှာပါ။ ဒါက ငွေကြေးတခုထဲကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့က ဂတ်ပိုကို သူ့အတွက် သင့်တော်တဲ့ အသင်း ရှိလာရင် ရောင်းချပေးမယ်လို့ ကတိပေးထားတာကြောင့်ပါ” လို့ ပြောကြားသွားခဲ့တာပါ။