ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားတာ ကြာနေပြီဖြစ်တဲ့ ပြင်သစ်ဘောလုံးလောကရဲ့ ပြန်လည်စတင်မှုတစ်ခုဖြစ်တဲ့ ပြင်သစ်ဖလားဗိုလ်လုပွဲကို ဒီနေ့ညမှာ ကျင်းပခဲ့တာဖြစ်ပြီး နာမည်ကျော် ပြင်သစ်လီဂူးအသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ စိန့်အက်တီယန်အသင်းတို့ စတိတ်ဒီဖရန့်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပီအက်စ်ဂျီအသင်းက နေမာရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရပြီး ပြင်သစ်ဖလားကို ဗိုလ်စွဲသွားခဲ့ပါတယ်။

Photo Credit : Getty Image

လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းဘက်မှာ နေမာ ဘာပေ အီကာဒီ ဒီမာရီယာ ဂေးယီ ပါရီဒက်စ် ကီဟီ ဘတ်ကာ သီယာဂိုဆေးဗား မာကွင်ဟို့စ်နဲ့ နာဗက်စ်တို့ ပါဝင်ကစားသွားခဲ့ပါတယ်။ ပွဲက ပထမပိုင်းမှာပဲ ပွဲကြမ်းတစ်ပွဲ အသွင်ဆောင်ခဲ့ပြီး နှစ်ဖက်အသင်းသားတွေ မကြာခဏ အချင်းများနေခဲ့ရသလို Fouls တွေလည်း ခဏခဏဖြစ်ပြီး အနီကတ်ပြသမှုတွေပါ ပါဝင်လာခဲ့ရပါတယ်။ စိန့်အန်တီယန်ရဲ့အသင်းခေါင်းဆောင်ပါရင် ဘာပေကို ကစားပုံကြမ်းတမ်းခဲ့မှုကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ဘာပေမှာ ဒဏ်ရာကြောင့် ဆက်မကစားနိုင်တော့လို့ ဆာရာဘီယာနဲ့ လူစားလဲခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ ကစားသမားတွေအချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရလို့ အဝါကတ်တွေ ပလူပျံအောင် ပြခံခဲ့ရပါသေးတယ်။ ဒီဖြစ်ရပ်မဖြစ်ခင် (၁၄)မိနစ်မှာတော့ နေမာက ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ပထမပိုင်းမှာ သွင်းဂိုးတစ်ဂိုးလည်းရခဲ့သလို ကစားသမားတစ်ယောက်ပါ အသာစီးရသွားခဲ့တဲ့ ပီအက်စ်ဂျီကတော့ ဒုတိယပိုင်းမှာ စိန့်အက်တီယန်ကို ဖိအားပေးနိုင်ခဲ့ပေမယ့် အရမ်းထိရောက်လှတဲ့ ထိုးဖောက်မှုတွေတော့ သိပ်မလုပ်နိုင်ခဲ့ပါဘူး။ ဒဏ်ရာရသွားခဲ့တဲ့ ဘာပေကတော့ ပွဲမပြီးခင်လေးမှာပဲ ဂျိုင်းထောက်နဲ့ ပွဲကိုအရန်ခုံပေါ်ကနေ လာရောက်ကြည့်ရှခဲ့ပါသေးတယ်။ တစ်ယောက်လျော့ စိန့်အန်တီယန်ကတော့ ပီအက်စ်ဂျီခံစစ်ကို ပွဲပြီးခါနီးမှာ ဒုက္ခပေးခဲ့ရုံကလွဲပြီး ချေပပြန်ဂိုးတော့ ပြန်မသွင်းနိုင်တော့ပဲ ပီအက်စ်ဂျီပဲ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။