ပီအက်စ်ဂျီအသင်းကတော့ သူတို့အသင်းရဲ့ တိုက်စစ်ကစားသမားနေမာကို လာမယ့်နွေစျေးကွက်အတွင်းမှာ သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းဆီကို ပြန်လည်ရောင်းချဖို့ စိတ်ဝင်စားနေပေမယ့် သတင်းတွေမှာ ဖော်ပြနေသလို ကစားသမား(၃၊၄)ယောက်နဲ့ အလဲအထပ်ကမ်းလှမ်းတာမျိုးကို လက်ခံမှာမဟုတ်ပဲ ပြောင်းရွှေ့ကြေးကို ပေါင်(၁၅၆)သန်း ငွေသားသက်သက်သာ အလိုရှိတယ်လို့ သတိပေးခဲ့တာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ ဘရာဇီးတိုက်စစ်မှူးဟောင်းကို ပြန်လည်ခေါ်ယူဖို့က ထင်ထားတာထက်တောင် ပိုမိုခက်ခဲသွားရနိုင်ပါတယ်။

Photo Credit : Goal.com

အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမားနေမာဟာ မနှစ်ကတည်းက အသင်းဟောင်း ဘာစီလိုနာဆီ ပြန်သွားဖို့ဆန္ဒရှိခဲ့သလို ဘာစီလိုနာကလည်း သူတို့ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ပြောင်းရွှေ့ကြေးက အဟန့်အတားတစ်ခုဖြစ်နေရပြီး အခုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကစားသမားတွေရဲ့ တန်ဖိုးကျဆင်းနေချိန်မှာတောင် ပီအက်စ်ဂျီက နေမာအတွက် ပေါင်(၁၅၆)သန်းအထိတောင် အလိုရှိနေလို့ပါတယ်။ ဒီပမာဏဟာ စီးပွားရေးထိခိုက်လို့နေတဲ့ ဘာစီလိုနာအသင်းအတွက် အကျပ်ရိုက်စေနိုင်မယ့် ပမာဏဖြစ်နေတာကြောင့် နေမာကို ပြန်လည်ခေါ်ယူဖို့ လက်လျှော့ရဖွယ် ရှိနေပါတယ်။

Photo Credit : Forbes

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ လူးဝစ်ဆွာရက်ဇ်တို့ရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့အတွက် နောက်ထပ်တိုက်စစ်မှူးတွေကိုလည်း ပစ်မှတ်ထားလို့နေပြီး အင်တာမီလန်အသင်းက အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမားလေး လော်သာရိုမာတီနက်ဇ်ကတော့ ထိပ်ဆုံးကနေ ရေပန်းစားလို့နေပါတယ်။ လတ်တလောမှာလည်း ဘာစီလိုနာနဲ့ မာတီနက်ဇ်တို့ကြား ကောလဟာလသတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေပြီး သတင်းတချို့မှာလည်း မာတီနက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာဘက်ကနေ ကြိုးပမ်းမှုတွေဟာ အောင်မြင်လုနီးပါးဖြစ်နေပြီလို့ ဖော်ပြလာကြပါတယ်။ ဒီလို အခြေအနေတွေရှိနေပေမယ့် ဘာစီလိုနာကတော့ သူတို့အသင်းမှာ (၄)နှစ်တာ ဖြတ်သန်းခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်းနေမာကိုလည်း ပြန်လည်အလိုရှိနေသေးပြီး ကမ်းလှမ်းမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်ပေမယ့် ပီအက်စ်ဂျီဘက်ကနေ တောင်းဆိုလာသမျှတွေက ဘာစီလိုနာအတွက် ခက်ခဲနေတာကြောင့်မို့ ဘာစီအနေနဲ့ မာတီနက်ဇ်ကိုပဲ အရခေါ်ယူဖွယ် ရှိနိုင်ပါတယ်။