၂၀၂၀-၂၀၂၁ ဘောလုံးရာသီကလည်း ကုန်ဆုံးဖို့ သိပ်မလိုတော့တာကြောင့် ဒီချိန်မှာ ကလပ်အသင်းတော်တော်များများက လာမယ့်ရာသီသစ်အတွက် ပြင်ဆင်မှုတွေကို ပြုလုပ်ဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။ ဒီလိုပါပဲ ပြင်သစ်လီဂူးရဲ့ ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာဆိုရင်လည်း လာမယ့်ရာသီအတွင်း အသင်းကနေ ကြယ်ပွင့်ကစားသမားတချို့ကို ရောင်းထုတ်သွားဖို့ ပြင်ဆင်လျက်ရှိနေရာ ဒီထဲမှာတော့ လူငယ်တိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေ လုံးဝပါဝင်သွားမှာမဟုတ်ဘူးလို့ သိရှိရပါတယ်။

Photo Credit : Getty Image

ပီအက်စ်ဂျီအသင်းက လာမယ့်ရာသီမှာ အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ နေမာ ကာဗာနီတို့နဲ့ လမ်းခွဲသွားဖို့ အစီအစဉ်ရှိနေသလို အင်တာမီလန်အသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူထားတဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား အီကာဒီကို အပြီးသတ်ခေါ်ယူဖွယ်မရှိပေမယ့်လို့ အသင်းရဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘာပေကိုတော့ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားဦးမှာလို့ သိရှိရပါတယ်။ လတ်တလောမှာတော့ ဒီ၂၁နှစ်အရွှယ် ပြင်သစ်တိုက်စစ်မှူးလေးကို ရီးရဲလ်မက်ဒရစ်အသင်းကနေ စိတ်ဝင်စားလျက်ရှိနေပါတယ်။

Photo Credit : Getty Image

ဘာပေဟာ ပီအက်ဂျီအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်နေပေမယ့် သိပ်မကြာသေးခင်ကမှ နည်းပြသောမတ်တူချယ်နဲ့ စကားအချေအတင်များခဲ့တာကြောင့် ဆက်ဆံရေးအနည်းငယ် အေးစက်နေလျက်ရှိသလို မကြာခင်မှာ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲရတော့မယ့် ပြင်သစ်အိုလံပစ်အသင်းအတွက် ပါဝင်ကစားဖို့ စဉ်းစားနေတဲ့ ဘာပေရဲ့စဉ်းစားနေမှုအပေါ်မှာလည်း ပီအက်စ်ဂျီအသင်းဘက်ကနေ ခွင့်ပြုပေးဖွယ်မရှိတာကြောင့် အသင်းနဲ့ ဘာပေကြားမှာပါ ပြသာနာလေးတွေ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီအသင်းဟာ ဘာပေကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းထားခဲ့ပေမယ့် ဘာပေဘက်ကနေ ဒီကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချထားခဲ့သလို သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ကိုလည်း တိတိကျကျ ထုတ်ပြောထားခြင်းမရှိပဲ ပီအက်စ်ဂျီအနေနဲ့ ဘာပေကို ဆက်ထိန်းဖို့ဆိုတာ အတော်လေးကို ခက်ခဲနိုင်ဖွယ်ရှိနေပါတယ်။