ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ လီယိုနာဒို ကတော့ သူတို့အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ စပိန် အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၃-၂ ဆိုတဲ့ ရလဒ်နဲ့အတူ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုကို ရာသီကုန် အထိ ဆက်ခန့်ထားမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ဒွန်နာရမ်မာ ၊ ရာမို့စ် ၊ မက်ဆီ ၊ ဝစ်နယ်ဒန် ၊ နူနို စတဲ့ ကစားသမားကောင်းတွေကို ခေါ်ယူ အားဖြည့်နိုင်ခဲ့သလို သူတို့အသင်းရဲ့ ရှိရင်းစွဲ ကစားသမား အင်အားကြောင့် ယခုနှစ်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

ဒါပေမယ့် ပီအက်စ်ဂျီဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို ကစားသမားတွေရဲ့ တဦးချင်း အမှားတွေ ၊ အာရုံစူးစိုက်မှု လျော့နည်းမှုတွေကြောင့် ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့သလို ပြိုင်ပွဲကနေပါ ထွက်ခွာခဲ့ရပါတယ်။

ပီအက်စ်ဂျီဟာ သူတို့အသင်းရဲ့ သမိုင်းတလျှောက် တကြိမ်တခါမှ မရဖူးသေးတဲ့ ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ အသင်းတသင်း ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီးနောက် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက သူ့ရဲ့ နည်းပြရာထူးကို မကြာခင်မှာ စွန့်ခွာရတော့မယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့ပြီး ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုကတော့ အဆိုပါ သတင်းတွေကို ငြင်းဆန်ကာ သူတို့ဟာ ပိုချက်တီနိုကို ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန် အထိ နည်းပြအဖြစ် ဆက်ခန့်ထားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Daily Mail

လီယိုနာဒိုက – “ကျွန်တော်တို့က အရာအားလုံးကို အမှိုက်ပုံးထဲ လွှင့်ပစ်လို့ မရပါဘူး။ ဒါကြောင့် ပွဲတပွဲ ရှုံးနိမ့်တဲ့ အခါတိုင်းလည်း ကျွန်တော်တို့က တည်ဆောက်ခဲ့သမျှ အရာအားလုံးကို ဖျက်ပစ်ပြီး အစကနေ ပြန်စလို့ မရပါဘူး။ ကျွန်တော်တို့အသင်းရဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ဖြစ်သလို ဒီနေ့ပွဲမှာလည်း ပထမပိုင်း ပြီးဆုံးတဲ့ အချိန်အထိ ကျွန်တော်တို့ရဲ့ အခြေအနေက အဆင်ပြေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီနေ့ပွဲမှာ ရှုံးခဲ့ပေမယ့် စိတ်ဓာတ်ပိုင်းကို မြှင့်တင်ပြီး လီဂူးဝမ်းမှာ ချန်ပီယံ ဖြစ်အောင် ကြိုးစားသွားရပါမယ်။ ကျွန်တော်တို့ အားလုံး အတူတကွပဲ ရှိနေသင့်ပါတယ်။ ပိုချက်တီနိုက အသင်းရဲ့ ဒီရာသီ စီမံကိန်းထဲမှာ ပါနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က သူ့ကို ရာထူးကနေ ထုတ်ပယ်ဖို့ မစဉ်းစားသေးပါဘူး” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။