ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင်တိုင် ရရှိထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ၂နှစ် + တနှစ် သက်တမ်း တိုးနိုင်မယ့် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် မက်ဆီရဲ့ မဟာပြိုင်ဘက် ဖြစ်သူ ရိုနယ်ဒိုကိုလည်း ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ကို ပိုင်ဆိုင်ထားပြီး သူတို့သုံးဦးရဲ့ တိုက်စစ် အတွဲအဖက်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး သုံးဦးတွဲ တိုက်စစ်အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

Photo Credit: AS English

ဒါပေမယ့် အဆိုပါ ကစားသမား ၃ဦး အနက် အသက်အငယ်ဆုံး ဖြစ်သူ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့သလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း မရေမရာ ဖြစ်နေတာကြောင့် အကယ်၍ အမ်ဘာပေသာ ထွက်သွားခဲ့ရင် ပီအက်စ်ဂျီအသင်းဟာ သူ့ရဲ့ နေရာ အတွက် အစားထိုးမှုအဖြစ် ဂျူဗင်တပ်အသင်းရဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်တိုင်တိုင် ရထားသူ တဦး ဖြစ်ပြီး လက်ရှိ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူးသစ် မက်ဆီရဲ့ အစဉ်အလာ ပြိုင်ဘက်လည်း ဖြစ်ပါတယ်။

ရိုနယ်ဒိုနဲ့ မက်ဆီတို့ဟာ ဆယ်စုနှစ် တခုကျော်တဲ့ အထိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၂ဦး အဖြစ် သတ်မှတ်ခံထားရသလို သူတို့နှစ်ဦး တွဲဖက် ကစားမှာကို မြင်ချင်နေကြတဲ့ ဘောလုံးပရိသတ်တွေကလည်း ဒုနဲ့ဒေးပါပဲ။

Photo Credit: AS English

ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းဟာ သူ့ကို ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်သလို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့လည်း ခေါ်ယူနိုင်ပါတယ်။

ပီအက်စ်ဂျီအသင်းထံ ရိုနယ်ဒို ရောက်လာမလား ၊ မရောက်လာဘူးလား ဆိုတာဟာ အမ်ဘာပေရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်ပြီး အကယ်၍ အမ်ဘာပေသာ ထွက်သွားပါက ပီအက်စ်ဂျီအသင်းဟာ ရိုနယ်ဒိုကို မဖြစ်မနေ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း ပီအက်စ်ဂျီအသင်းနဲ့ နီးစပ်သူတွေက အခိုင်အမာ ဆိုပါတယ်။