ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို လက်လွှတ်ခဲ့ရပါက ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်းနဲ့ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဟာလန်းကို အရ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး စပိန် လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ချင်နေတဲ့သူပါ။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေရဲ့ အိမ်မက်အသင်း တသင်း ဖြစ်တာကြောင့် အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ တချိန်မှာ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားသူ ဖြစ်ကာ ပီအက်စ်ဂျီအသင်း ကတော့ အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပြီး အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ အမ်ဘာပေရဲ့ အေးဂျင့်တွေဟာ ဆွေးနွေးမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေပါတယ်။

စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေပေမယ့် အမ်ဘာပေရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ချင်တဲ့ ဆန္ဒကို တားဆီးဖို့ မလွယ်တော့ကြောင်း ရိပ်မိလာတာကြောင့် ဒေါ့မွန်အသင်းနဲ့ ခြေစွမ်းပြနေတဲ့ ဟာလန်းကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေကြောင်း သိရပါတယ်။

Photo Credit: Marca

အသက် ၂၁နှစ် အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာဖို့ တာစူနေသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဟာလန်းကို ခေါ်ယူဖို့ အတွက် ဥရောပအသင်းကြီး အများစုက စိတ်ဝင်စားနေကြပြီး ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာကိုလည်း ချိတ်ဆက်မှုတွေ ပြုလုပ်ထားကြပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ ရိုင်းအိုလာတို့ရဲ့ ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိသလို ပီအက်စ်ဂျီအသင်းက ဟာလန်းအတွက် တောင်းဆိုမှု အားလုံးကို လိုက်လျောနိုင်တဲ့ အနေအထားမှာ ရှိတာကြောင့် ဟာလန်းဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ အခွင့်အလမ်း များပြားနေပါတယ်။