ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီကတော့ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုကို မကြာခင်မှာပဲ ရာထူးကနေ ထုတ်ပယ်တော့မယ်လို့ ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အာဂျင်တီးနား လူမျိုး နည်းပြဖြစ်သူ ပိုချက်တီနိုက ၂၀၂၁ခုနှစ် ၊ ဇန်နဝါရီလကမှ ပီအက်စ်ဂျီရဲ့ နည်းပြရာထူးကို ရယူခဲ့သူ ဖြစ်ပြီး ပီအက်စ်ဂျီနဲ့ သူ့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက ၁နှစ်ကျော် ကျန်ပါသေးတယ်။

Photo Credit: Mail

ပီအက်စ်ဂျီက စပါးနဲ့အတူ ကျော်ကြားလာတဲ့ ပိုချက်တီနိုကို မျှော်လင့်တကြီးနဲ့ ခေါ်ယူ ခန့်အပ်ခဲ့ပေမယ့် ပိုချက်တီနိုရဲ့ လက်အောက်မှာ ပီအက်စ်ဂျီရဲ့ စွမ်းဆောင်ရည်တွေက တိုးတက်လာခြင်း မရှိသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆိုရင်လည်း နှစ်စဉ်နှစ်တိုင်း ရလာတဲ့ ပြင်သစ် လီဂူးဝမ်း ဆုဖလားကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် ပိုချက်တီနိုက ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်ကြတဲ့ အမ်ဘာပေ ၊ မက်ဆီ ၊ နေမာတို့နဲ့လည်း ဆက်ဆံရေး သိပ်အဆင်မပြေတာကြောင့် ပီအက်စ်ဂျီဘက်က ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ပြီး ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စီစဉ်နေပါတယ်။

Photo Credit: Mail

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက မကြာခင်မှာပဲ အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ရှိနေပြီး ပီအက်စ်ဂျီ ဥက္ကဌ အယ်ခါလိုင်ဖီရဲ့ နောက်ဆုံး အတည်ပြုချက် ရပြီးရင် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကြောင်းကို တရားဝင် ထုတ်ပြန် ကြေညာဖွယ် ရှိကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီက ပိုချက်တီနိုရဲ့ နေရာကို အစားဝင်မယ့် နည်းပြတဦးကို စတင် ရှာဖွေနေပြီး ပြင်သစ်လူမျိုး နည်းပြဖြစ်သူ ဇီဒန်းဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ကာ ဇီဒန်းကို မရခဲ့ပါက ဆီဗီးလားနဲ့ လမ်းခွဲဖွယ် ရှိနေတဲ့ စပိန်လူမျိုး နည်းပြဖြစ်သူ လိုပက်တီဂွီကို ချဉ်းကပ်ဖွယ် ရှိပါတယ်။